၁၉.၈.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၊ Mirza Ghalib လမ်းပေါ်ရှိ ဟိုတယ်တစ်ခုတွင် ယနေ့ သြဂုတ်လ ၁၉ ရက် နံနက် ၂ နာရီခန့်က ကြီးမားသော မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ကလေးတစ်ဦး အပါအဝင်အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဟိုတယ်ရှိ ဧည့်သည်အများစုမှာ မီးလောင်မှုဖြစ်ပွား၍မီးခိုးများ ဟိုတယ်ကို ဖုံးလွှမ်းနေချိန်တွင် အိပ်ပျော်နေကြကြောင်းလည်း သိရသည်။
Mirza Ghalib လမ်းဟု တရားဝင်လူသိများသော Free School လမ်းသည် SN Banerjee လမ်းနှင့် ကိုလ်ကတ္တားမြို့လယ်ရှိ Park လမ်းကို ဆက်သွယ်ထားသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ မီးသည် နံနက် ၂ နာရီခန့်တွင် စတင်လောင်ကျွမ်းပြီး အလျင်အမြန် ပျံ့နှံ့သွားသောကြောင့် ဧည့်သည်များမှာ ထွက်ပြေးရန် အလွန်ခက်ခဲခဲ့ကြောင်းလည်း သိရသည်။

အသက်ရှင်ကျန်ရစ်သူ ဧည့်သည်တစ်ဦးဖြစ်သည့် အမီရူလ် အစ္စလာမ်က “အကူအညီ တောင်းသံတွေကြားတော့ ကျွန်တော်တို့ နိုးလာတယ်။ ဒီမှာ နေရာတိုင်းမှာ မီးခိုးတွေ တွေ့ရတာပဲ။ ကျွန်တော်တို့က အဆောက်အအုံရဲ့ ဒုတိယထပ်မှာ ရှိနေတယ်။ ကျွန်တော် သိရသလောက်တော့ ပထမထပ်မှာ မီးလောင်တယ်။ ဒီနောက်မှာ မီးသတ်သမားတွေက ကျွန်တော်တို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်။ သူတို့မရှိရင် ကျွန်တော်လည်း မီးလောင်လို့် သေသွားလောက်ပြီ။” ဟု ပြောခဲ့သည်။
မီးလောင်ကျွမ်းမှုက လေအေးပေးစက်ပေါက်ကွဲမှုမှ စတင်ခြင်းဟု ယူဆကြသော်လည်း စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့က လှေကားများကို အသုံးပြုပြီး အဆောက်အအုံပေါ် တက်၊ ပြတင်းပေါက်များမှ အဆောက်အအုံထဲကို ဝင်ကာ မီးလောင်နေသည့် အဆောက်အအုံထဲမှ လူများကို ကယ်ဆယ်ခဲ့ရ သည်။
လူကိုးယောက်ကိုမူ ကိုလ်ကတ္တားမြို့ဆေးကောလိပ်နှင့် ဆေးရုံကို အမြန်ပို့ခဲ့သော်လည်း မကယ်တင်နိုင်ခဲ့ဘဲ သေဆုံးခဲ့ရသည်။ ရဲတပ်ဖွဲ့က သေဆုံးသူများ မည်သူမည်ဝါဖြစ်သည် အထောက်အထားများကို ဖော်ထုတ်ရန် ကြိုးစားနေကြောင်းလည်း သိရသည်။ မီးလောင်မှုတွင် လူခြောက်ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက လူ ၆၀ ဦးကို ဘေးကင်းရုသို့ရွှေ့ပြောင်းပေးခဲ့ပြီး ၂၈ ဦးကို ဆေးရုံများသို့ တင်ပို့ခဲ့ကြောင်း ပြောခဲ့သည်။
Free School Street ဧရိယာတွင် ဘင်္ဂလားဒေ့ရှ် ဧည့်သည်များ အထူးနေထိုင်လေ့ရှိသည့် ဟိုတယ် အများအပြား ရှိသည်ဟုလည်း ဆိုသည်။
Ref: Indian Express

