MT News
၁၈. ၈. ၂၀၂၆
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ နှလုံးသွေးလွှတ်ကြောမ ပေါက်ပြဲသည့်ရောဂါကိုအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်သည်။
ဗြိတိန်နိုင်ငံ (United Kingdom (UK) ၊ St Bartholomew’s Hospital, Barts Heart Centre, နှလုံးသွေးလွှတ်ကြောခွဲစိတ်ကုဌာနမှ နှလုံးနှင့်သွေးကြောခွဲစိတ်အထူးကု ပါမောက္ခ ဒေါက်တာ အောင်ရဲဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တွဲဖက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ နှလုံးသွေးလွှတ်ကြောမ ပေါက်ပြဲသည့်ရောဂါ (Acute aortic dissection from aortic arch to both iliac arteries)အား ဩဂုတ် ၁၃ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြော ခွဲစိတ်ကုသဌာန၌ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းနှင့် လူနာကို အထူးကြပ်မတ်ကုသမှုဌာနတွင် လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသဌာနတွင် မွေးရာပါနှလုံးရောဂါများ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း Major operation ခွဲစိတ် ကုသမှု (၂၃၅)ခုနှင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ (၁၃၅)ခု ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ ခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်သည့် ဗြိတိန်နိုင်ငံမှ ပါမောက္ခဒေါက်တာအောင်ရဲဦးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ယခုအထိ မြန်မာနိုင်ငံ၏ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိတ်ကုသမှုတွင် ပူးပေါင်းဆောင် ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာလအလွန် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ ကိုးကြိမ် လာရောက်ခဲ့ပြီး ပူးပေါင်းခွဲစိတ်ကုသမှု ၃၈ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှုဆိုင်ရာ မျိုးဆက်သစ်များ မွေးထုတ်နိုင်ရေးအတွက် ဆေးပညာသင်ကြားရေး အစီအစဉ်များတွင်လည်းပါဝင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
