နေမိုး
၁၈. ၈. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb များ ပစ်ချခဲ့မှုကြောင့် ကိုရင် တစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြန်သည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ ရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဩဂုတ် ၁၃ ရက် နံနက် ၈ နာရီတွင် စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချခဲ့ရာ ကျေးရွာအတွင်းသို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ဝင်းမော်(၅၈)နှစ်နှင့် ၎င်း၏မြေးဖြစ်သူ ကျေးရွာရှိ “ဒေါင်းမြီး” ဘုန်းကြီးကျောင်းတိုက်မှ ကိုရင် စံက္ကုသ(၉)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ကိုရင် တစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
