သက်တံ့
၁၈. ၈. ၂၀၂၆
မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မြန်မာနိုင်ငံအနေဖြင့် 5G နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီး ဖြစ်ကြောင်း၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် (၁)နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်ပြီး ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ အော်ပရေတာများအနေဖြင့် 5G နည်းပညာ စမ်းသပ်ဆောင်ရွက်မှုအား ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စွာ ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ပြည်သူများအတွက် အရည်အသွေးကောင်းမွန်သည့် 5G ဝန်ဆောင်မှုများပေးနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့ပြင် တက်ရောက်လာကြသူများက 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်နေမှု၊ 5G ဝန်ဆောင်မှုပေးနိုင်ရန် လှိုင်းနှုန်းစဉ်ချထားပေးမှု၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေ၊ 5G ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု၊ ဝန်ဆောင်မှု စတင် ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးသည် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Vendors ကုမ္ပဏီများမှ 5G ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ ခင်းကျင်းပြသထားမှုကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
