သတိုး
၁၈. ၈. ၂၀၂၆
မြန်မာ-ရုရှား နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ထောင်စုဒူးမားလွှတ်တော် (State Duma) ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတက ယခုခရီးစဉ်သည် မိမိ၏ ၁၄ ကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုမှ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ်ပေါင်း ၈၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကတည်းက စတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားသည့် ချစ်ကြည်ရေးဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေရန် ဗလာဒီဗော့စတော့မြို့၌ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရုရှား State Duma ၏ ဥပဒေပြုရေးနှင့် နိုင်ငံတကာပါလီမန်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေရယူလိုကြောင်း၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရေးအဖွဲ့များမှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွားရောက်ခြင်းနှင့် ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့မှု၊ ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသအချို့၌ ၂၀၂၇ ခုနှစ် ဇွန်လတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းပြီး ပြည်သူလူထု၏ သဘောထားကို အလေးထားကာ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့်ရရှိရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံခြားရေးမူဝါဒအနေဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိကာ ရုရှားနိုင်ငံကို ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုရေးတို့အပေါ် အခြေခံ၍ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
State Duma ဥက္ကဋ္ဌကလည်း ယခုတွေ့ဆုံမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ရေးအတွက် အရေးပါကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ယနေ့တွေ့ဆုံပွဲတွင် State Duma ရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ပါတီများအားလုံးက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုသည့်ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခြင်းတို့ကို အရေးပါသည့် တိုးတက်မှုများအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေးအတွေ့အကြုံ ဖလှယ်ရေးတို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
State Duma ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နောင်ရုရှားနိုင်ငံသို့ လာရောက်ချိန်တွင် State Duma ၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့ရာ နိုင်ငံတော်သမ္မတက လက်ခံခဲ့သလို နိုင်ငံတော်သမ္မတကလည်း State Duma ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့လာရောက်ရန် ပြန်လည်ဖိတ်ကြားခဲ့သည်။
