သတိုး
၁၈. ၈. ၂၀၂၆
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၌ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ (Small Modular Reactor – SMR) တစ်ခု တည်ဆောက်ရေး စီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင် (Mikhail Mishustin) က ယနေ့ ပြောကြားသည်။
အဆိုပါ စီမံကိန်းသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသည့် တွန်းအားတစ်ရပ် ဖြစ်လာစေမည်ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်အပါအဝင် မြန်မာအစိုးရအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူများနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် သဘောတူညီမှုရရှိထားပြီး လုပ်ဆောင်နေမှုများလည်းရှိကြောင်း လက်ရှိနိုင်ငံတော်သမ္မတဖြစ်ပြီး ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် မေလ ၈ ရက်တွင် ရုရှားနိုင်ငံ RT သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းဖြေကြားခဲ့သည်။
ရုရှားနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သည် ကျယ်ပြန့်ပြီး ကာကွယ်ရေးကဏ္ဍသာမက သိပ္ပံနှင့်နည်းပညာ၊ စီးပွားရေး၊ ဥပဒေဘက်ဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေးများတို့တွင် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း သဘောတူညီမှုရှိခဲ့သလို လုပ်ဆောင်နေမှုများလည်းရှိကြောင်း ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
“ကျွန်တော် ပြီးခဲ့တဲ့မတ်လခရီးစဉ်မှာလာတဲ့ အချိန်တုန်းက နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကိစ္စတွေ၊ နောက် ကမ်းလွန်ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေဆွေးနွေးနိုင်ခဲ့တာတွေ ရှိပါတယ်။ သဘောတူတာလည်းရှိပါတယ်။ လုပ်နေတာလည်း ရှိပါတယ်။ ဆက်လက်ပြီးလုပ်ရမယ့် နယ်ပယ်တွေလည်း များစွာရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က RT သတင်းဌာနသို့ ဖြေကြားခဲ့သည်။
ရုရှားနိုင်ငံ၏ နိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်းဖြစ်သည့် Rosatom ကလည်း ယမန်နှစ်အတွင်း ထုတ်ပြန်ရာတွင် အစိုးရအချင်းချင်းရရှိခဲ့သည့် သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်မည့် နျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါစက်ရုံကို မဂ္ဂါဝပ် ၃၃၀ ထုတ်လုပ်ပေးနိုင်သည်အထိ တိုးချဲ့သွားဖွယ်ရှိသည်ဟုလည်း အတည်ပြုခဲ့သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လက်ရှိအချိန်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေပြီး အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတနှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
Ref: CGTN Europe
