သတိုး
၁၈. ၈. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အတွက် စက်တင်ဘာလဆန်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။ ယခုခရီးစဉ်သည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အပါအဝင် အခြားနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်များကို ဦးမင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ တရားဝင်ခေါင်းဆောင်အဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အများက ရှုမြင်ကြသည်။
ဦးမင်းအောင်လှိုင်၏ ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းကိုကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး နန်းတော်ရေးရာဝန်ကြီး ကူအီဆိုဖားလ် (Kuy Sophal) နှင့် အမျိုးသားနှင့် နိုင်ငံတကာပွဲတော်များ ကျင်းပရေး ဗဟိုကော်မတီ အမြဲတမ်းဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးချုပ် ချင်ကတ်နား (Chin Ketna) တို့သည် ဦးမင်းအောင်လှိုင်အား ကြိုဆိုဧည့်ခံမည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အထက်လွှတ်တော်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ချားသီရစ် (Chea Thyrith) က မြန်မာခေါင်းဆောင်၏ ခရီးစဉ်သည် “ကမ္ဘောဒီးယားနှင့် မြန်မာအကြား ချစ်ကြည်ရေးကို ခိုင်မာစေရန်” ဖြစ်ကြောင်း The Post သတင်းဌာနသို့ ပြောကြားခဲ့သည်။
”နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဟာ လိုအပ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါတယ်” ဟုလည်း ချားက ဆက်လက်ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အင်စတီကျူ၏ ဥက္ကဋ္ဌ ကင် ဖီးယား (Kin Phea) က ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရန် နှစ်ဖက်စလုံး၏ ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်က မြန်မာနိုင်ငံ၏ အခြေအနေများကို လျှော့ချပေးနိုင်ရန် ကူညီပေးခဲ့ကြောင်းလည်း ကင်က ထောက်ပြခဲ့သည်။
”ဒါဟာ အခြားနိုင်ငံတွေကို သွားရောက်ခဲ့သလိုပဲ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတအဖြစ် တရားဝင်မှုနဲ့ အာဏာကို ခိုင်မာစေဖို့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု ကင်က ဆက်လက်ပြောသည်။
ပြင်ပမှ ဖိအားပေးခြင်းထက် မြန်မာနိုင်ငံအတွင်း၌ပင် လုပ်ဆောင်ရန် လိုအပ်သည်ကို လက်ခံထားသော်လည်း ကမ္ဘောဒီးယားအနေဖြင့် ယခင်က အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့တွင် ပါဝင်ခဲ့သည့် အတွေ့အကြုံများနှင့် သင်ခန်းစာများကိုလည်း မျှဝေပေးနိုင်ကြောင်း ကင်က အသိအမှတ်ပြု ပြောကြားခဲ့သည်။
”နိုင်ငံအသီးသီးက ဒါကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရားဝင် အသိအမှတ်ပြု မပြုဆိုတာကတော့ သီးခြားကိစ္စဖြစ်ပါတယ်။ အကြောင်းကတော့ အာဆီယံအတွင်းမှာ ဘုံသဘောတူညီချက် ၅ ချက်အပေါ် မူတည်နေလို့ပါ။ အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်မှုဟာ မြန်မာနိုင်ငံကို ထိပ်သီးအစည်းအဝေးဆီ ပြန်လာခွင့်ပြုဖို့ အဆုံးအဖြတ်ပေးတဲ့ အချက်ဖြစ်ပြီး ကမ္ဘောဒီးယား ဒါမှမဟုတ် မြန်မာခေါင်းဆောင် သွားရောက်တဲ့ အခြားနိုင်ငံတွေက ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု ကင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ပုံစာ။ ယခင် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ယခု အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်မြင်ကွင်း။
Ref: Phnom Penh Post
