နေမိုး
၁၈. ၈. ၂၀၂၆
ကျောင်းသွားရန် ပြင်ဆင်နေသည့် အသက် ရှစ်နှစ်အရွယ်ကလေးငယ်ကို တစ်တိုက်တည်းနေသည့် စိတ်မနှံ့သူက ဓားဖြင့်ထိုးသတ်မှု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဖြစ်စဥ်တွင် ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ် ၊ ဗိုလ်ထွန်းဇံရပ်ကွက်နေ အသက် ရှစ်နှစ်အရွက် ကလေးငယ်(ကျား)တစ်ဦး ဓားထိုးခံရကြောင်း ပတ်ဝန်းကျင်မှယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဆက်သွယ်လာသဖြင့် ဖြစ်စဥ်နေရာသို့ ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် သွားရောက်ကူညီပေးခဲ့ရာ ကလေးငယ်အား ဖြစ်စဉ်နေရာတွင် သေဆုံးလျက်သား တွေ့ရှိခဲ့ရသည်။

တရားခံမှာ စိတ်ဝေဒနာသည်ဖြစ်ပြီး တစ်တိုက်တည်းနေသူဟု သိရှိရကြောင်းနှင့် ကလေးငယ်မှာ ကျောင်းသွားခါနီး စာအုပ်ထည့်နေခိုက် ဖြစ်ပွားသွားသည်ဟု ဆိုသလို ကလေးငယ်၏ အဘွားဖြစ်သူမှာလည်း ဝင်ဆွဲချိန် ဓားဖြင့် ထိခိုက်ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ တင်ပို့ကုသမှုခံယူနေရကြောင်း သိရသည်။
ပုံစာ။ စိတ်မနှံသူက ဓားဖြင့် ထိုးသတ်ခံရသော ကလေးငယ်၏ မြင်ကွင်း (ဓာတ်ပုံ – ကိုပူတူးနှင့် ဘော်ဒါများ)
