၁၈.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ “ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သော အထပ်မြင့်စုပေါင်း တိုက်ခန်းများဆိုင်ရာ ဥပဒေတစ်ခုရေးဆွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို” ကို ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထက်က ဩဂုတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ အဆိုကို ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်က ထောက်ခံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးဌေးအောင်က လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူခဲ့သည်။
ထို့နောက် လွှတ်တော်သို့ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအားလုံး ထောက်ခံသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။



ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထက်က “ဒီဥပဒေကို တကယ်လိုအပ်ချက်အရ မြေပြင်မှာ ဖြစ်နေလို့ ရေးဆွဲဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ဒီဥပဒေဟာ နှစ်ကာလရှည်ကြာစွာ မြေပြင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ထုတ်ပြန်ရမယ့် ဥပဒေဖြစ်တာကြောင့် ရေးဆွဲရာမှာ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ မြေရှင်များ၊ နေထိုင်သူများ စသည်ဖြင့် လူပေါင်းများစွာ၏ အကြံပြုချက်များကို ရယူပြီးမှ ရေးဆွဲရမည့် ဥပဒေဖြစ်တာကြောင့် အဆိုအဖြစ် တင်ပြရခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို ဘာကြောင့် ရေးဆွဲဖို့ လိုအပ်သလဲဆိုရင် လက်ရှိမှာ မြေရှင်၊ တိုက်ခန်းပိုင်ရှင်၊ နေထိုင်သူ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်နဲ့ စီမံခန့်ခွဲသူတွေ၏ အခွင့်အရေးနဲ့ တာဝန် ရပိုင်ခွင့်များကို ဥပဒေအရ ရှင်းလင်းစွာ သတ်မှတ်ပေးနိုင်ရန် ဖြစ်ပါတယ်။ အနာဂတ် မြို့ရွာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တိကျခိုင်မာသည့် ပိုင်ဆိုင်မှုစာရင်းပြုစုရာတွင်လည်း အထောက်အကူ ဖြစ်စေပြီး နိုင်ငံတော်မှ ရရှိမည့် အခွန်အခများကိုလည်း ပိုမိုရရှိနိုင်ရန် တိုက်တွန်းရခြင်း ဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာ” ဟု လွှတ်တော်သို့ အဆိုတင်သွင်း ပြောကြာခဲ့သည်။
ထို့ပြင် အခန်းတန်ဖိုးများကို စတင်မဆောက်လုပ်မီ Foundation စတင်တူးစဉ်ကာလကတည်းက ကြိုတင်ရယူထားပြီး အခန်းဝယ်ယူသူများ၏ ငွေပေးချေမှုငွေများဖြင့် အဆောက်အအုံဆောက်လုပ်မှုကို ဆောင်ရွက်ခဲ့ကြသော်လည်း ကန်ထရိုက်နှင့် မြေရှင်အချို့၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းမှုကြောင့် အချို့အဆောက်အအုံများသည် နှစ်ကာလတစ်ခု ကြာမြင့်သည်အထိ နေထိုင်ခွင့်မရရှိသည်ကို တွေ့ရှိရသဖြင့် တိုက်ခန်းဝယ်ယူသူများသည်နစ်နာလျက်ရှိကြောင်း၊ ကွန်ဒိုအဆောက်အအုံများတွင် သတ်မှတ်အချိန်ကာလအတွင်း မအပ်နှံနိုင်ပါက လျှော်ကြေးပေးဆောင်ရသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားရှိသော်လည်း ကွန်ဒိုမဟုတ်သော အထပ်မြင့် စုပေါင်းလူနေတိုက်ခန်းများ (Apartment) များတွင် တိကျသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားခြင်း မရှိသည့်အတွက် အများပြည်သူများနစ်နာလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တိုက်ခန်းဝယ်ယူသူများမှာ အခန်းတန်ဖိုးများ ကြိုတင်ရယူထားပြီး အခန်းလက်ရောက် အပ်နှံရန်နှောင့်နှေးလျက်ရှိသော ကန်ထရိုက် သို့မဟုတ် မြေရှင်များအား ကျေနပ်မှုမရှိသောကြောင့် တစ်စုံတစ်ရာ ဆောင်ရွက်လိုလျှင် သက်ဆိုင်ရာ တရားရုံးများမှ စာချုပ်ပေါ်မူတည်ပြီး တရားမမှုများအဖြစ် တရားစွဲဆိုနေရပြီး တရားရုံးစရိတ်များ ကျခံဆောင်ရွက်နေသဖြင့် မလိုလားအပ်ဘဲ နစ်နာလျက်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော််မင်းထက်က လွှတ်တော်သို့ ဆက်လက်ပြောကြားခဲ့သည်။
