◾ ယခင်ဖြစ်ပွားသည့် ကျောင်းသားနှစ်ဦး၏ ပစ်ခတ်မှုဖြစ်စဥ်တွင်လည်း ဆယ်ကျော်သက် သေနတ်သမားကျောင်းသားတစ်ဦးက အွန်လိုင်းအကြမ်းဖက်ဂိမ်းတစ်ခုကို စွဲစွဲမြဲမြဲ ကစားလေ့ရှိသည်ကို တွေ့ရှိခဲ့
၁၈.၈.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ကက်သလစ်အလယ်တန်းကျောင်းတစ်ကျောင်း၌ သြဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ကျောင်းသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အခြားကျောင်းသားတစ်ဦး သေဆုံးပြီး သေနတ်သမားကျောင်းသားမှာလည်း နောက်ပိုင်းတွင် သူ့ကိုယ်သူ အဆုံးစီရင်သွားကြောင်း ဒေသခံအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
သေနတ်သမားဟု စွပ်စွဲခံရသူသည် ဇမ်ဘိုအန်ဂါမြို့ရှိ ကျောင်း၏ စာသင်ခန်းထဲသို့ .၄၅ ကာလီဘာ ပစ္စတိုတစ်လက်ကို ခိုးဝှက်ယူ ဝင်ရောက်နိုင်ခဲ့ကြောင်း မြို့တော်ဝန် ခိုင်မာ အာဒန် အိုလာဆိုက ဒေသခံရေဒီယိုသို့ ပြောကြားခဲ့သည်။
၎င်းက စားပွဲတွင်ထိုင်နေသော ဆရာအား ပစ်ခတ်ခဲ့သော်လည်း မထိမှန်ဘဲ လွဲချော်ခဲ့သည်။ ထို့နောက် သံသယရှိသူက အခြားစာသင်ခန်းတစ်ခုသို့ ပြောင်းရွှေ့ပြီး ပစ်ခတ်ခဲ့ရာ ကျောင်းသားတစ်ဦးကို ထိမှန်၍ နောက်ပိုင်းတွင် သေဆုံးသွားကြောင်း အိုလာဆိုက ပြောကြားခဲ့သည်။

ဒေသခံမီဒီယာများမှ ထုတ်လွှင့်ခဲ့သော ပစ်ခတ်မှုဗီဒီယိုတွင် သေနတ်သမားကျောင်းသားက ပစ္စတိုတစ်လက်နှင့်အတူ ကျောင်းစင်္ကြံတစ်လျှောက် ပြေးလွှားရွေ့လျားနေသည်ကို တွေ့ကြရသည်။ အာဏာပိုင်များက အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သေနတ်သမားတစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်း ပြောကြားခဲ့သည်။
ဤဖြစ်ရပ်သည် နိုင်ငံအလယ်ပိုင်းဒေသရှိ တက်လိုဘန်မြို့ရှိ အထက်တန်းကျောင်းတွင်ပစ်ခတ်မှုကြောင့် ကျောင်းသားသုံးဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်လအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုတွင် သံသယရှိသူများမှာဆယ်ကျော်သက်ကျောင်းသား ယောက်ျားလေးနှစ်ယောက်ဖြစ်ပြီး တစ်ဦးမှာ အွန်လိုင်းအကြမ်းဖက်ပစ်ခတ်မှု ဂိမ်းတစ်ခုကို စွဲစွဲမြဲမြဲ ကစားလေ့ရှိကြောင်းလည်းတွေ့ရသည်။
Gorebox ဟုခါ်သည့် ထိုဂိမ်းကို ဖိလစ်ပိုင်နိုင်ငံတွင် ပိတ်ပင်ထားပြီး အထက်လွှတ်တော်ကလည်း လူငယ်များအပေါ် အကြမ်းဖက်ကွန်ပျူတာဂိမ်းများ၏ အကျိုးသက်ရောက်မှုကို စုံစမ်းစစ်ဆေးလျက် ရှိသည်။
အရှေ့တောင်အာရှတစ်ဝန်းတွင် အာဏာပိုင်များက ဆိုးကျိုးဖြစ်နိုင်ခြေများကို ထောက်ပြပြီး အရွယ်မရောက်သေးသူများအား လူမှုမီဒီယာအသုံးပြုမှုကို ကန့်သတ်ရန် စဉ်းစားနေကြသည်။
Ref- BBC
