◾ စက်တင်ဘာလဆန်းတွင် သွားရောက်ဖွယ်ရှိသည့် အဆိုပါခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ ခြောက်ကြိမ်မြောက် ပြည်ပခရီးစဥ်နှင့် အာဆီယံနိုင်ငံများသို့ သုံးကြိမ်မြောက်ခရီးစဥ်ဖြစ်လာမည်
သတိုး
၁၈. ၈. ၂၀၂၆
မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေစဥ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာသလို သံတမန်ရေးရာ စည်းရုံးလှုံ့ဆော်မှုများကို ဆက်လက်လုပ်ဆောင်ရန် အားထုတ်နေသည်ကို တွေ့မြင်ရသည်။
ဖြစ်နိုင်ခြေရှိသော ကမ္ဘောဒီးယားခရီးစဉ်နှင့် ပတ်သက်၍ ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော် Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့် ပို့စ်တစ်ခု၌ သတင်း စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဒေသတွင်း သတင်းထောက်တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ပို့စ်တွင် အထက်လွှတ်တော် အထွေထွေအတွင်းရေးမှူးချုပ် Lay Samkol အပါအဝင် တာဝန်ရှိသူများသည် “အနာဂတ်တွင်” ပြုလုပ်မည့် ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွက် ပြင်ဆင်သည့်အနေဖြင့် ကမ္ဘောဒီးယားအထက်လွှတ်တော် အဆောက်အအုံကို ကြည့်ရှုစစ်ဆေးနေပုံများ ဖော်ပြထားသည်။
ယခုကမ္ဘောဒီးယားခရီးစဉ် ဖြစ်မြောက်ခဲ့ပါက ဦးမင်းအောင်လှိုင်အတွက် ဧပြီလတွင် သမ္မတရာထူး တာဝန်ယူပြီးနောက်ပိုင်း ဇူလိုင်လဆန်းပိုင်းက လာအိုနိုင်ငံနှင့် ယခုလအစောပိုင်းက ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံသို့ ၃ ကြိမ်မြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ထိုအချိန်အတွင်း ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် အာဆီယံတို့အကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ဦးဆောင်ကြိုးပမ်းခဲ့သည်။ အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြေရှင်းရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်နိုင်ခြင်းကြောင့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်အား အဆင့်မြင့်အရာရှိများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ အဆိုပါ ဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ပြုရန်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် “အဖွဲ့အစည်းအားလုံး” ပါဝင်သော အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။
အစိုးရသစ်သည် ဘုံသဘောတူညီချက်အား ပြည်တွင်းရေးကို အကြောင်းမဲ့ “ဝင်ရောက်စွက်ဖက်ခြင်း” ဟု ပယ်ချကာ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့သို့ အပြည့်အဝ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုရင်း ပိုမိုပြတ်သားသည့် ရပ်တည်ချက်ကို ရယူထားသည်။ တစ်ချိန်တည်းမှာပင် လိုလိုလားလားရှိသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် ထိုင်းနိုင်ငံသည် ရင်းနှီးသော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား တွေ့ဆုံပွဲကို ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့၌ စီစဉ်ပေးခဲ့သည်။ ဦးမင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က အာဆီယံ၏ လုပ်ငန်းစဉ်များနှင့် နည်းလမ်းများတွင် မြန်မာနိုင်ငံ ပူးပေါင်းပါဝင်ခွင့် ရရှိစေရေးအတွက် ကူညီပံ့ပိုးပေးရန်နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို “ထပ်လောင်းအတည်ပြု” ခဲ့သည်။
သမ္မတရာထူး တာဝန်ယူပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်သည် အခြားအရေးပါသော ပြင်ပမိတ်ဖက်နိုင်ငံများနှင့်လည်း ဆက်ဆံရေးပိုမိုခိုင်မာစေရန် ကြိုးပမ်းခဲ့ပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့လည်း ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သည်။
ကမ္ဘောဒီးယားသို့ သွားရောက်ဖွယ်ရှိသည့် သတင်းသည် ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ထွက်ခွာသည့်နေ့၌ပင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) လည်းဖြစ်သူ ဦးမင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင် (Mikhail Mishustin) နှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌ ဗျာချက်စလပ် ဗိုလိုဒင် (Vyacheslav Volodin) တို့နှင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ကြိုးပမ်းမည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်မည်ဖြစ်သည်။
မြန်မာနိုင်ငံပိုင် မီဒီယာများ၏ သတင်းဖော်ပြချက်အရ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့သည် “စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေး နယ်ပယ်များအပါအဝင် နှစ်ဦးနှစ်ဖက် စိတ်ပါဝင်စားသည့် နယ်ပယ်အသီးသီး၌ လက်ရှိတည်ရှိနေသော ချစ်ကြည်ရေးဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြမည်” ဟု သိရသည်။
ယခုခရီးစဉ်သည် သမ္မတအဖြစ် ဦးမင်းအောင်လှိုင်၏ ပထမဆုံးခရီးစဉ် ဖြစ်သော်လည်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာထိန်းသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ၅ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ဖူးပြီး ယင်းသည် မြန်မာနိုင်ငံ၏ ပြည်ပဆက်ဆံရေးတွင် ရုရှား၏ အရေးပါမှု ပိုမိုကြီးမားလာသည်ကို ထိတွေ့ပြသနေသည်။
အာဏာထိန်းသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများ၏ ဝိုင်းပယ်ပိတ်ဆို့မှုဒဏ်ကို စိန်ခေါ်ရင်း နေပြည်တော်နှင့် မော်စကိုအကြား ဆက်ဆံရေးသည် ယခင်က ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် လက်နက်ရောင်းဝယ်ရေးတို့အပေါ် အဓိကထားနေရာမှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နျူကလီးယားစွမ်းအင်နှင့် အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအထိ ကျယ်ပြန့်လာခဲ့သည်။
ဦးမင်းအောင်လှိုင်နှင့်အတူ မြန်မာနိုင်ငံ အာကာသအေဂျင်စီ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်လည်း လိုက်ပါသွားမည်ဟု ဧရာဝတီသတင်းက ထောက်ပြထားသည်။ သတင်းတွင် “ရုရှားနိုင်ငံနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ သဘောတူညီချက်များအကြောင်း ဆွေးနွေးပွဲများနှင့် မြန်မာနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူးကို ရုရှားတွင် ရွေးချယ်လေ့ကျင့်ပေးရန် အစီအစဉ်များပင် ပါဝင်သည်” ဟု ရည်ညွှန်းဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်အခြေစိုက် သက်တမ်းရင့် Phnom Penh Post သတင်းဌာနကလည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် စက်တင်ဘာလဆန်းတွင် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ် လာရောက်မည်ဟု ယနေ့တွင် သတင်း ဖော်ပြခဲ့သည်။
Ref: Diplomat & Phnom Penh Post
