၁၈.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်အား ထောက်ခံမှုနှုန်း စစ်တမ်းကို အမေရိကန်နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူ ၁,၁၆၆ ဦးအကြား သြဂုတ်လ ၁၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကို အမေရိကန်များကြား ထောက်ခံမှုနှုန်းက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ရာထူးတာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်သော ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း Reuters သတင်းဌာနနှင့် နိုင်ငံတကာ စစ်တမ်း ကောက်ယူရေးကုမ္ပဏီ Ipsos တို့ ပူးပေါင်းပြုလုပ်သော အဆိုပါစစ်တမ်းက ဖော်ပြခဲ့သည်။
စစ်တမ်းအား တုံ့ပြန်ဖြေကြားသူ ၃၃ ရာခိုင်နှုန်းကသာ ထရမ့်ပ်၏ သမ္မတအဖြစ် စွမ်းဆောင်ရည်ကို ထောက်ခံကြပြီး ၆၄ ရာခိုင်နှုန်းက မထောက်ခံကြကြောင်းလည်း သိရသည်။ ကျန်တုံ့ပြန်သူ အနည်းစုကမူ ပြန်လည်ဖြေကြားမှု မပြုခဲ့ကြပေ။
စစ်တမ်းကောက်ယူခံရသူ ၈၀ ရာခိုင်နှုန်းက အမေရိကန်-အီရန် ပဋိပက္ခသည် ကြာရှည်လိမ့်မည်ဟု ယုံကြည်ကြပြီး ၁၆ ရာခိုင်နှုန်းကမူ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ကြသည်။
ပဋိပက္ခတစ်လျှောက်လုံးတွင် သမ္မတက တင်းမာမှုများ မြင့်တက်လာမည်ဟူသော ခြိမ်းခြောက်မှုများနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် မကြာမီရောက်ရှိလာတော့မည်ဟူသော အခိုင်အမာပြောဆိုမှုများအကြား တစ်လှည့်စီ ပြောဆိုခဲ့သည်။ အမေရိကန်လူမျိုး ငါးဦးလျှင် တစ်ဦးနှင့် ရီပတ်ဘလစ်ကန်ပါတီဝင် ထက်ဝက်ခန့်တို့ကသာ စစ်ပွဲသည် ထိုက်တန်သည်ဟု ထင်မြင်ကြောင်း Reuters/Ipsos စစ်တမ်းတွင် နောက်ဆုံးတွေ့ရှိခဲ့သည်။
Reuters နှင့် Ipsos တို့မှ ပုံမှန်ပြုလုပ်သော စစ်တမ်းများအရ အမေရိကန်သမ္မတ ထရမ့်ပ်အပေါ် ထောက်ခံမှုနှုန်းသည် ၎င်းရာခိုင်နှုန်း၏ ဒုတိယသက်တမ်းအတွင်း ယခင်က ၃၄ ရာခိုင်နှုန်းအောက် မကျဆင်းခဲ့ပေ။ သို့သော် ယခုနှစ် ဇွန်လနှင့် ဧပြီလတွင် ထိုအဆင့်သို့ ရောက်ရှိခဲ့သည်။ ထရမ့်ပ်၏ ဒုတိယသက်တမ်းအတွင်း အမြင့်ဆုံးထောက်ခံမှုအဆင့်သတ်မှတ်ချက်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် မှတ်တမ်းတင်ခဲ့ပြီး ၄၇ ရာခိုင်နှုန်းသော စစ်တမ်းကောက်ယူသူများက ၎င်း၏စွမ်းဆောင်ရည်ကို အပြုသဘောဆောင်စွာ ရှုမြင်ခဲ့ကြသည်။
ထရမ့်ပ်၏ ပထမသမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကလည် ၎င်းအားထောက်ခံမှု အဆင့်သတ်မှတ်ချက်မှာ အလားတူပင် ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ဖူးသည်။
Ref: Reuters
