သက်တံ့
၁၈. ၈. ၂၀၂၆
ဂရိနိုင်ငံ၊ အေဂျီယန်ပင်လယ်အတွင်းရှိ ဆစ်ဖ်နို့စ်ကျွန်း (Sifnos) တွင် ဘယ်လာဗီးယား (Belavia) ကုမ္ပဏီပိုင် ပုဂ္ဂလိက ရဟတ်ယာဥ်တစ်စီး ပျက်ကျခဲ့ရာ ပျားရည်ဆမ်းခရီး (Honeynoon) ထွက်လာသည့် ဗြိတိန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးနှင့် ဂရိလူမျိုး ရဟတ်ယာဥ်မောင်းသူတို့ သေဆုံးသွားခဲ့ကြောင်း Proto Thema သတင်းစာ၏ ဖော်ပြချက်ကို ကိုးကား၍ APA သတင်းဌာနက ဖော်ပြထားသည်။
သေဆုံးသွားသည့် ခရီးသည်နှစ်ဦးမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသွား မင်္ဂလာဦးဇနီးမောင်နှံဖြစ်ပြီး ရဟတ်ယာဥ်မှူးမှာ ဂရိလေတပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦး ဖြစ်သည်။
အဆိုပါ ရဟတ်ယာဥ်သည် အက်တီကာဒေသ (Attica) ရှိ မာကိုပိုလို (Markopoulo) မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဆစ်ဖ်နို့စ်ကျွန်း၊ သိုလို့စ် (Tholos) ဒေသရှိ ရဟတ်ယာဥ်ဆင်းသက်ကွင်းအနီး ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျပြီးသည်နှင့်တစ်ပြိုင်နက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ဆစ်ဖ်နို့စ် ဒုတိယမြို့တော်ဝန် မာနိုလစ် ဖူတူးလာကစ် (Manolis Foutoulakis) ၏ ပြောကြားချက်အရ ယာဉ်ပေါ်ပါသူ ၃ ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြပြီး ရဟတ်ယာဥ်မှာလည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်။
အဆိုပါ မတော်တဆမှုသည် ရဟတ်ယာဥ် ဆင်းသက်ကွင်းနှင့် မီတာ ၅၀ ပင် မကွာဝေးသော နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့် ရရှိထားသော အချက်အလက်များအရ ယာဉ်၏ အမြီးပိုင်း ရိုတာ (Tail Rotor) ပြုတ်ထွက်/ပျက်စီးသွားခြင်းကြောင့် ဖြစ်နိုင်ခြေ အများဆုံးရှိကြောင်း သိရသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မပျက်ကျမီ ခဏအလိုတွင် မူမမှန်သော အသံတစ်သံကို ကြားခဲ့ရသည်ဟု ဆိုသည်။ အစောပိုင်း သတင်းများတွင် သေဆုံးသူ အရေအတွက် ပိုမိုများပြားကြောင်း ဖော်ပြခဲ့ကြသော်လည်း လက်ရှိတွင် လူ ၃ ဦး သေဆုံးကြောင်းကိုသာ အတည်ပြုထားနိုင်သေးသည်။
ဂရိ မီးသတ်ဌာန၏ စစ်ဆင်ရေးစခန်းသည် ဩဂုတ် ၁၇ ရက် ညနေ ၆ နာရီ ၁၇ မိနစ်တွင် သတင်းရရှိခဲ့ပြီး မီးသတ်သမား ၂ ဦးနှင့် မီးသတ်ယာဉ် ၁ စီးဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့သည်လည်း စီရို့စ်ကျွန်း (Syros) မှ ဆစ်ဖ်နို့စ်ကျွန်းသို့ မီးသတ်ဌာနပိုင် RAFNAR အမြန်စပိဘုတ်ဖြင့် သွားရောက်ကူညီခဲ့ကြသည်။
လက်ရှိတွင် အာဏာပိုင်များသည် ရဟတ်ယာဥ် မတော်တဆမှု ဖြစ်ပွားရသည့် အခြေအနေများကို ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။
Ref: National Herald & Apa
