ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မာဆွတ် ဘင် မိုဟာမက် အယ်လ် အေဘန်(ဝဲ) နှင့် အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီ ရှမ်ခါနီတို့အား တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ရိနှင့်အတူ ပေကျင်းမြို့တွင် မတ်လ ၁၀ ရက်က တွေ့ရစဉ်။

◾️ အရှေ့အလယ်ပိုင်းဒေသအတွင်း အနောက်အုပ်စုက ဝိုင်းပယ်ထားသော အီရန်နှင့် ဆက်ဆံရေးကို အာရပ်နိုင်ငံများက တိုးမြှင့်ပြုလုပ်မည့် အလားအလာရှိနေ

၁၁.၃.၂၀၂၃
Translated by Htwe Ko Tun

အရှေ့အလယ်ပိုင်းဒေသ၏ အင်အားကြီးနှစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံနှင့် အီရန်နိုင်ငံတို့အကြားဆက်ဆံရေးများ ပြန်လည်ပြုလုပ်ရန်နှင့် သံတမန်လမ်းကြောင်းများလည်း ပြန်လည်ဖွင့်လှစ်သွားရန် မတ်လ ၁၀ ရက်က မမျှော်လင့်ဘဲ ရုတ်တရက်သဘောတူညီမှုပြုခဲ့ကြကြောင်း သတင်းများအရ သိရသည်။

နှစ်နိုင်ငံအကြား ဆက်သွယ်မှုပြုလုပ်ပေးခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိုသို့ ဒေသတွင်းရှိ အင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေးပြန်လည် ကောင်းမွန်လာမှုက ဒေသတစ်ခုလုံးသို့ အကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု ဆိုခဲ့သည်။

သုံးနိုင်ငံ ပူးတွဲပါဝင်သောကြေညာချက်တွင် ရှီအိုက်မွတ်ဆလင်အများစုနေထိုင်ရာ အီရန်နှင့် ဆွန်နီမွတ်ဆလင်အများစုနေထိုင်ရာ ဆော်ဒီအာရေဗျတို့အကြား နှစ်လအတွင်း သံရုံးများ အပြန်အလှန်ဖွင့်လှစ်ကာ သံအဖွဲ့များစေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် လွန်ခဲ့သောနှစ် ၂၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြသော လုံခြုံရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒေသအတွင်း ကြာရှည်စွာ အပြိုင်ရပ်တည်လာခဲ့သည့် အင်အားကြီးနှစ်နိုင်ငံအကြား ပေါက်ကွဲလုဆဲအခြေအနေများအနက် တစ်ခုဖြစ်ခဲ့သည့် ဆော်ဒီအစိုးရက ရှီအိုက်ဘာသာရေးတရားဟောဆရာ Nimr al-Nimr အား သေဒဏ်ပေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်အတွင်း ဆော်ဒီသံတမန်အဖွဲ့များကို တီဟီရန်၌ အီရန်ဆန္ဒပြသမားများက တိုက်ခိုက်မှုပြုခဲ့ခြင်းတွင် ဆော်ဒီအစိုးရက သံတမန်အဆက်အသွယ်များ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ပေကျင်းမြို့တွင် ကြိုတင်ကြေညာချက်မပြုဘဲ ပြုလုပ်ခဲ့သည့် ငါးရက်ကြာဆွေးနွေးပွဲနှင့် အီရတ်နှင့် အိုမန်တို့တွင်လည်း အကြိမ်များစွာပြုလုပ်ခဲ့သည့် ညှိနှိုင်းမှုများအပြီး မတ်လ ၁၀ ရက် ကြေညာချက်က ဒေသအတွင်း ကျယ်ပြန့်သော နိုင်ငံရေးရပ်တည်ချက်ပြောင်းလဲမှုနှင့် တင်းမာမှုများလျော့ကျစေရန် အားထုတ်မှုတို့ကို ပြသလိုက်ခြင်းဟုလည်း ဆိုရမည်ဖြစ်သည်။

ကမ္ဘာ့အကြီးမားဆုံး ရေနံတင်ပို့သည့်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနှင့် ၎င်း၏နျူကလီးယားဆောင်ရွက်ချက်များကြောင့် အနောက်အုပ်စု၏ ဝိုင်းပယ်ခြင်းကိုခံနေရသည့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများလျော့ကျလာခြင်းက ဆူပူရှုပ်ထွေးမှုများနှင့် ဆယ်စုနှစ်ပေါင်းများစွာ ဖုံးလွှမ်းနေခဲ့သော အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း ဆက်ဆံရေးများ ပြန်လည်ပုံဖော်လာတော့မည့်အလားအလာဟုလည်း သုံးသပ်ခဲ့ကြသည်။

အီရန်နှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံက ဒေသအတွင်းပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများ၌လည်း ပြိုင်ဘက်အုပ်စုများကို နှစ်ဖက် အသီးသီးထောက်ခံမှုပြုခဲ့ကြသည်ကို တွေ့ရသည်။ ယီမင်တွင်ဆိုလျှင် အီရန်က ဟူသီသူပုန်များဘက်မှ ရပ်တည်ထောက်ခံခဲ့သလို ဆော်ဒီအာရေဗျက လက်ရှိအစိုးရကို ထောက်ခံကာ စစ်ဘက်ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်ရေး ဦးဆောင်ရပ်တည်ခဲ့သည်။ ထို့အတူပင် ၎င်းတို့နှစ်နိုင်ငံက ဆီးရီးယား၊ လက်ဘနွန်နှင့် အီရတ်တို့တွင်လည်း သြဇာလွှမ်းမိုးမှုရှိရေး တုပြိုင်ရပ်တည်ခဲ့ကြသည်ကို တွေ့ရပေမည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမား အဗ္ဗဒိုလာဟီရန်က နှစ်နိုင်ငံအကြား တင်းမာမှုလျော့ကျကာ ပြန်လည်သင့်မြတ်ကြမှုကို ကြိုဆိုပါကြောင်းနှင့် အီရန်အစိုးရအနေဖြင့် အခြားသော ဒေသဆိုင်ရာ ပဏာမဆောင်ရွက်မှုများအတွက် တက်ကြွစွာ ပြင်ဆင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ၎င်းက အီရန်နှင့် ဆော်ဒီအာရေဗျတို့အကြား ပုံမှန်ဆက်ဆံရေးများ ပြန်လည်တည်ဆောက်နိုင်မှုက နှစ်နိုင်ငံအတွက်သာမကဘဲ ဒေသတစ်ခုလုံးနှင့် အစ္စလာမ်ကမ္ဘာအတွက်ပါ အခွင့်အလမ်းကောင်းများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ ထိပ်တန်းသံတမန်ဖြစ်သည့် မင်းသား ဖေဆယ်လ် ဘင်ဖာဟန် အယ်လ်ဆော့ဒ်ကလည်း နှစ်နိုင်ငံသဘောတူညီချက်က ဆော်ဒီအာရေဗျနိုင်ငံ၏ ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများပြုသွားရန် ပိုမိုလိုလားမှုမှ ပေါ်ထွက်လာရခြင်းလည်းဖြစ်ကြောင်း၊ ဒေသတစ်ခုလုံးအတွင်း ဤသဘောတူညီချက်ကို ပြဿနာများဖြေရှင်းရာတွင် စံနှုန်းတစ်ရပ်အဖြစ် မြင်လာစေချင်ပါကြောင်း ပြောခဲ့သည်။

အမေရိကန်အစိုးရ အိမ်ဖြူတော်ကမူ သဘောတူညီချက်ကို ကြိုဆိုပါကြောင်း၊ သို့သော် အီရန်အနေဖြင့် ၎င်းလိုက်နာရမည့် တာဝန်ဝတ္တရားများကို ဆောင်ရွက်လိုက်နာမှုရှိရန် လိုအပ်ပါကြောင်းပြောခဲ့သည်။ ပြင်သစ်အစိုးရကလည်း ဤဆောင်ရွက်မှုကို ဂုဏ်ပြုပါကြောင်း၊ ပြင်သစ်အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုကိုသာ လိုလားပါကြောင်း၊ သို့သော် အီရန်အား မတည်မငြိမ်ဖြစ်စေရန်ဆောင်ရွက်မှုများကို စွန့်လွှတ်ပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနှင့် အီရန်အကြား ညှိနှိုင်းဆွေးနွေးမှုများကို အီရတ်က အိမ်ရှင်အဖြစ် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ကာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် ၂၀၂၂ ခုနှစ် ဧပြီလ၍ ၎င်းတို့၏ တွေ့ဆုံဆွေးနွေးပွဲများကို လူသိရှင်ကြား ထုတ်ပြန်ပြောဆိုခြင်းမပြုလုပ်ခဲ့ပေ။ နိဂုံးအနေဖြင့်မူ အီရန်နှင့် ဆော်ဒီအာရေဗျတို့အကြား ဤကဲ့သို့ သဘောတူညီချက်ရပြီးသည့်နောက်တွင် အရှေ့အလယ်ပိုင်းဒေသအတွင်း ဆော်ဒီအာရေဗျ၏ မဟာမိတ်နိုင်ငံများအနေဖြင့်လည်း အီရန်နှင့် ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် အလားအလာများရှိနေသည်ဟု သုံးသပ်ရပေသည်။

Ref—– The Japan Times

Leave a Reply

Your email address will not be published. Required fields are marked *