သက်တံ့
၁၆. ၈. ၂၀၂၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးရာတွင် အများပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဓာတ်အားရရှိစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရေးတို့အတွက် ပြုပြင်ပြောင်းလဲမှုများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ မိုးရာသီကာလများတွင် ရေဝင်ရောက်မှု ကောင်းမွန်သောကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ အပြည့်အဝ ဓာတ်အားထုတ်လုပ်ပေးနိုင်သော်လည်း မဟာဓာတ်အားလိုင်းများ၏ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက်များ ရှိနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားအသုံးများသည့် နေ့အချိန်ပိုင်းတွင် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ညဉ့်နက်ပိုင်းအချိန်တွင်မူ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ လွန်စွာလျော့နည်းသွားသဖြင့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုကို လျှော့ချမောင်းနှင်ပေးရသည်ဖြစ်ရာ မိုးရာသီကာလတွင် ရေစွမ်းအင်များပြုန်းတီးနေသည့်အပြင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် တမံကြီးများတွင် ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိနေ သည်။
သို့ဖြစ်ပါ၍ ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်များနှင့် ပြည့်စုံပါက နေ့စဉ်ညပိုင်း ၁၁ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလ ကျပ် ၉၀၀ နှုန်းမှ ၆၀၀ ကျပ်နှုန်းသို့ လျှော့ချ၍ ဓာတ်အားရယူသုံးစွဲခွင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် မိုးရာသီကာလအတွင်း အချိန်နှင့်အမျှ ဆုံးရှုံးနေသည့် ရေများမှ နိုင်ငံတော်အတွက် ဝင်ငွေရရှိလာခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိလာခြင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး ဆန္ဒရှိသည့် စက်မှုလုပ်ငန်းကြီးများသည် ညဘက်သို့ပြောင်းရွှေ့လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် နေ့ပိုင်းတွင် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း၊ စက်မှုလုပ်ငန်းရှင်များအနေဖြင့်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ခြင်း စသည့် သုံးဦးသုံးဖလှယ် အကျိုးကျေးဇူး ရရှိစေမည်ဖြစ်သည်။
နိုင်ငံတကာတွင် Smart Grid စနစ်ကို အသုံးပြုနေကြသဖြင့် ယခုကဲ့သို့ အချိန်ဖြင့် ဓာတ်အားခကောက်ခံသည့် (Time of Use- TOU) ကို အသုံးပြုနေကြပြီဖြစ်ရာ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်လည်း လက်ရှိအခြေအနေပေါ်တွင် မူတည်၍ ပထမ အဆင့်အနေဖြင့် စတင် စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်၍ မိဘပြည်သူများအနေဖြင့် နိုင်ငံ တော်၏ လျှပ်စစ်ဓာတ်အားစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြုသဘောဖြင့် အကြံဉာဏ်များပေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် ကူညီကြပါရန် အသိပေးကြေညာ မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် သိရှိလိုသည်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးချုပ် (၀၉-၄၅၀၅၄၁၂၀၀)၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(၀၉-၄၂၈၃၀၄၂၀၃)(၁၇၁၇) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။
