သက်တံ့
၁၆.၈.၂၀၂၆
ဟန်ဂေရီနိုင်ငံတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရပြီးနောက် အဆိုပါ ဘတ်စ်ကားမောင်းသူအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားခဲ့သော ဘတ်စ်ကားပေါ်တွင် ပိုလန်နိုင်ငံမှ ခရစ်ယာန်ဝတ်ပြုဆုတောင်းသူများ လိုက်ပါလာခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်ကြောင့် လူပေါင်း ၄၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၁၀ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုမှာ ဘူဒါပတ်စ်မြို့၏ အရှေ့ဘက် ၁၄၀ ကီလိုမီတာ (၈၇ မိုင်) အကွာရှိ Mezokeresztes မြို့အနီး M3 အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Miskolc ခရိုင်မြို့တော် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
တနင်္ဂနွေနေ့သို့ ကူးပြောင်းသည့် ညဉ့်နက်ပိုင်း ခရီးစဉ်အတွင်း ယာဉ်မောင်းဖြစ်သူ အိပ်ပျော်သွားခဲ့သဖြင့် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဟု ယူဆရကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ပိုလန်နိုင်ငံ၏ PAP သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အဆိုပါ ဘတ်စ်ကားပေါ်တွင် ပိုလန်နိုင်ငံ အရှေ့တောင်ဘက်စွန်း Podkarpackie ပြည်နယ်မှ ခရစ်ယာန်ဝတ်ပြုဆုတောင်းသူများအဖွဲ့တစ်ဖွဲ့ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်း ၂ ဦး အပါအဝင် စုစုပေါင်း ခရီးသည် ၅၉ ဦး ပါဝင်သော အဆိုပါအဖွဲ့သည် ဘော့စနီးယား-ဟာဇီဂိုဗီးနားနိုင်ငံရှိ ခရစ်ယာန်ဘာသာရေး အထွတ်အမြတ်နေရာတစ်ခုဖြစ်သော Medjugorje သို့ သွားရောက်ဝတ်ပြုပြီးနောက် မွေးရပ်မြေသို့ အပြန်ခရီးတွင် ယခုကဲ့သို့ မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် ၁၄ စီး စေလွှတ်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရကြောင်း သတင်းများက ဆိုသည်။
ဘတ်စ်ကား တိမ်းမှောက်သွားချိန်တွင် ခရီးသည်အများအပြားမှာ ကားအောက်၌ ညပ်မိနေခဲ့ကြောင်း ဟန်ဂေရီနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အမျိုးသားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဟန်ဂေရီ ဝန်ကြီးချုပ် ပီတာ မဂ်ယာ (Peter Magyar) က မတော်တဆမှုအတွင်း သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ပိုလန်သမ္မတ ကာရိုလ် နာဗရော့စကီ (Karol Nawrocki) ကလည်း ယခုဖြစ်စဉ်အတွက် များစွာတုန်လှုပ်ရပါကြောင်း ပြောကြားခဲ့သည်။
အသက် ၄၃ နှစ်အရွယ် သမ္မတက “ကျနော်တို့ အားလုံးကို ထိခိုက်ခံစားရစေတဲ့ ဒီလိုကြောက်မက်ဖွယ် ဝမ်းနည်းစရာ မတော်တဆမှုကြီးနဲ့ ပတ်သက်ပြီး သေဆုံးသူတွေရဲ့ မိသားစုများ၊ ချစ်ခင်ရသူများနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းဆုတောင်းပေးပါတယ်” ဟု X (Twitter) လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
Ref : DW & Independent
