၁၆.၈.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊အောင်ပန်း – ကလောသွား ပြည်ထောင်စုလမ်းမကြီးတွင် ယမန်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်က ချောင်းရှိရာ ရွှေနားတွင်းကွေ့ဘယ်ဘက်ချောက်ထဲသို့ သုံးဘီးဆိုင်ကယ်တစ်စီး တိမ်းမှောက်ရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သည့် ကရုဏာ လူမှုကူညီရေးအသင်း (ကလောမြို့)ထံမှ သိရသည်။
အမျိုးသားနှစ်ဦးစီးနင်းလာသော သုံးဘီးဆိုင်ကယ်မှာ ကလော-အောင်ပန်းသွား ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ သုံးဘီးယာဥ်တိမ်းမှောက်မှုကြောင့် သုံးဘီးယာဉ်မောင်း အမျိုးသားကြီးမှာ ဘယ်/ညာ မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေး ထွက်ဒဏ်ရာ၊ ဘယ်ဘက်နောက် စေ့ပေါက်ပြဲဒဏ်ရာနှင့် ဘယ်ဘက်လက်ဖျံပွန်းပဲဒဏ်ရာနှင့် လိုက်ပါလာသူ အမျိုးသားကြီးတွင် နံရိုးကျိုးဒဏ်ရာ၊ညာဘက်လက်ဖျံရိုးကျိုးဒဏ်ရာ၊ ပေါင်အဆစ်ပြုတ် ဒဏ်ရာများ ရရှိခဲ့ပြီး ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသစဉ် ယာဉ်မောင်းမှာ သေဆုံးခဲ့ကြောင်း သိရသည်။
သုံးဘီးယာဉ်တိမ်းမှောက်မှုကြောင့် သုံးဘီးယာဥ်မောင်း ဦးမောင်မောင်တင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈/၃၀၄-ကဖြင့် ကလောမြို့မရဲစခန်းတွင် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
