နေမိုး
၁၆. ၈. ၂၀၂၆
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားညီအစ်ကိုနှစ်ဦး မိမိ အလုပ်ခွင်မဟုတ်သည့် အခြားအလုပ်ခွင်အတွင်း ခိုင်းစေခံရသဖြင့် မှန်ချပ်များကို ကရိန်းဖြင့် မ,တင်စဥ် မှန်ချပ်ပိရာမှ ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားမှု ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ထိုင်းနိုင်ငံ၊ ကဘီမြို့နယ်၊ အောက်နမ်းရပ်ကွက်တွင်ရှိသော ရေသန့်စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား( PJ) စာအုပ်များကိုင်ဆောင်ထားကြသူများဖြစ်သည့် ကိုအောင်လင်းသူ အသက် (၂၉) နှစ်နှင့် ကိုရဲသူဟိန်းအသက် (၂၂) နှစ်တို့သည် ဩဂုတ် ၁၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့် အလုပ်ဆင်းချိန်တွင်အလုပ်ရှင်၏ ယောက်ဖဖြစ်သူက သူ၏အလုပ်တွင် လာရောက်၍ ကူလုပ်ပေးရန်အတင်းခေါ်သဖြင့် သွားရောက်ကူလုပ်ပေးရာမှ မှန်ချပ်များကို ကရိန်းနှင့်မတင်ရာ ကရိန်းကြိုးပြတ်ကျပြီး နှစ်ဦးစလုံး မှန်ချပ်ပိ၍ ဒဏ်ရာအပြင်းအထန်ရရှိ သေဆုံးသွားသည်ဟုဆိုသည်။

သေဆုံးသူ ကိုအောင်လင်းသူသည် မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿရံရပ်ကွက်နှင့်ကိုရဲသူဟိန်းသည် သနပ်ပင်မြို့နယ်၊ နတ်ရေကန်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်ပြီး ညီအစ်ကိုတစ်ဝမ်းကွဲတော်စပ်ကြသည်ဟု ဆိုသည်။

သေဆုံးသူ၏မိသားစုဝင်များက သေမှုသေခင်းနှင့်ပတ်သက်ပြီး မည်သို့လုပ်ဆောင်ရမည်ကို နားမလည်သောကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာသောကြောင့် ယနေ့ ဩဂုတ် ၁၆ ရက် နံနက် ၁၀ နာရီ အချိန်တွင် အမှုကိုလက်ခံခဲ့ပြီး လျော်ကြေးနှင့် နစ်နာကြေးဆိုင်ရာ ခံစားပိုင်ခွင့်များ ရရှိစေရန် ဆက်လက် ကူညီပေးနေကြောင်း သိရသည်။
ပုံစာ။ သေဆုံး မြန်မာလုပ်သားနှစ်ဦး စျာပန ပုံရိပ် (Photo – WAG)
