နေမိုး
၁၆. ၈. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ယခုလည်း ထိုသို့ ကျူးလွန်မှုကြောင့် ချင်း PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မြို့နယ်လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်း နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ရပြန်သည်။

လက်နက်ကိုင် ဖောက်ခွဲ အကြမ်းဖက်မှုများ ပြုလုပ်နေသည့် ချင်း PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါဒါရ်ကျေးရွာနေ မြို့နယ်လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်းများ ဖြစ်ကြသည့် ကိုဗြောင်လျန်ကိမ်း(၂၄)နှစ်၊ မောင်ငွန်လျန်ထမ်း(၁၈)နှစ်တို့သည် လျှပ်စစ်မီးလိုင်းများ ပြုပြင်ရန်အတွက် ဒေသအခေါ် ဘုရားကုန်းတောင်ခြေအနီး ရေလှောင်ကန်သို့ သွားရောက်စဉ် အဆိုပါကန်အနီးအရောက် ချင်း PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား ကိုဗြောင်လျန်ကိမ်းမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဖလမ်းမြို့ပြည်သူ့ဆေးရုံ(ယာယီ)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
