သက်တံ့
၁၅. ၈. ၂၀၂၆
မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ်၊ ဘာဂန်ဆရိုင်း (Bagan Serai) ရှိ ထာမန်ဆရိုင်းမဂျူး (Taman Serai Maju) တွင် ယနေ့နံနက်အစောပိုင်းက နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမှလာသည်ဟုဆိုသည့် ဒုက္ခသည် အမျိုးသားတစ်ဦးနှင့် ၎င်း၏ သားငယ် ၂ ဦး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ မိုဟာမက် ယူနူးစ် နော်အာလီ (၂၇ နှစ်)၊ မိုဟာမက် ဝါဟီးဒ် မိုဟာမက် ယူနူးစ် (၆ နှစ်) နှင့် မိုဟာမက် အာဟီးဒ် မိုဟာမက် ယူနူးစ် (၃ နှစ်) တို့ဖြစ်ကြောင်း ပီရက်ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (JBPM) ညွှန်ကြားရေးမှူး ဒေတု စာယာနီ ဆိုင်ဒွန် (Sayani Saidon) က အတည်ပြုပြောကြားခဲ့သည်။ ထို့အပြင် မြန်မာဒုက္ခသည်တစ်ဦးဖြစ်သည့် သေဆုံးသူ၏ ဇနီး စာနီယာ ဂျာဟန် ဂျူးမား အဘူ ကာဆင် (၂၄ နှစ်) မှာလည်း လက်နှင့် ခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။
“ပီရက်ပြည်နယ် မီးသတ်ဌာနအနေနဲ့ နံနက် ၅ နာရီ ၁၇ မိနစ်မှာ MERS 999 အရေးပေါ်ဖုန်းလိုင်းကတစ်ဆင့် သတင်းရရှိခဲ့တာဖြစ်ပြီး မီးသတ်ယာဉ်ဟာ နံနက် ၅ နာရီ ၃၀ မိနစ်မှာ အခင်းဖြစ်ပွားရာကို ပထမဆုံး ရောက်ရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိချိန်မှာ နိုင်ငံခြားသား ၇ ဦး နေထိုင်တဲ့ ပေ ၂၀ x ပေ ၄၀ အကျယ်အဝန်းရှိ ကွန်ကရစ်အမျိုးအစား နေအိမ်ဟာ မီးလောင်ကျွမ်းနေပြီး ပျက်စီးမှု ၇၀ ရာခိုင်နှုန်းခန့် ရှိနေပါပြီ” ဟု ၎င်းက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် “အိမ်အပြင်မှာ တွေ့ရှိခဲ့ရတဲ့ သေဆုံးသူရဲ့ ဇနီးက ၎င်းရဲ့ ခင်ပွန်းနဲ့ ကလေး ၂ ဦးဟာ အဆောက်အအုံအတွင်း ပိတ်မိနေသေးကြောင်း ပြောပြခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မီးသတ်တပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသည်နှင့် မီးငြှိမ်းသတ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ငန်းစဉ် RECEO စံနှုန်းအတိုင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း ဆောင်ရွက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့သည့် ပထမအိပ်ခန်းအတွင်းမှ သေဆုံးသူ ၃ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ အရာရှိများက အဆိုပါ သေဆုံးသူ ၃ ဦးလုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို မီးသတ်အရေးပေါ်ဆေးကုသရေးယာဉ် (EMRS) ဖြင့် ဆေးရုံသို့ မပို့ဆောင်မီ ပဏာမ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့သည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် မလေးရှားရဲတပ်ဖွဲ့ (PDRM) ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးလောင်မှုကို နံနက် ၆ နာရီ ၂၀ မိနစ်တွင် ထိန်းချုပ်နိုင်ခဲ့ကာ နံနက် ၇ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးစီးခဲ့သည်။
“မီးလောင်ရတဲ့ ပကတိ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှု ပမာဏကို သိရှိနိုင်ဖို့ အခင်းဖြစ်ပွားရာနေရာမှာ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ JBPM မှုခင်းဆေးပညာအဖွဲ့ရဲ့ သတင်းအချက်အလက်နဲ့ ပဏာမ စစ်ဆေးတွေ့ရှိချက်တွေအရ မီးဟာ သေဆုံးသူတွေကို မီးလောင်ကျွမ်းလျက် တွေ့ရှိခဲ့ရတဲ့ ပထမအိပ်ခန်းထဲကနေ စတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref : Bernama
