သက်တံ့
၁၅. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဥတ္တရာခန်ပြည်နယ် (Uttarakhand) ရှိ ဗိရှ်နူးဂတ်-ပိပါးကောတီ (Vishnugad-Pipalkoti) ရေအားလျှပ်စစ် စီမံကိန်း၏ လှိုဏ်ခေါင်း ပြိုကျခဲ့သဖြင့် အနည်းဆုံး အလုပ်သမား ၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက သောကြာနေ့ (ဩဂုတ် ၁၄ ရက်) တွင် ပြောကြားခဲ့သည်။
ကြာသပတေးနေ့ ညဉ့်နက်ပိုင်းက ချာမိုလီခရိုင် (Chamoli) ရှိ ၎င်းအဆောက်အအုံအတွင်းသို့ ရေနှင့် အပျက်အစီးများ ရုတ်တရက် စီးဝင်လာပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အဆင့်မြင့်အရာရှိ မစ္စတာ ဂေါရပ်ဗ် ကူးမား (Gaurav Kumar) က ပြောသည်။
လှိုဏ်ခေါင်း အတွင်း အလုပ်လုပ်နေသည့် အလုပ်သမား ၂၂ ဦးအနက် ၁၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အခြား ၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဥတ္တရာခန်ပြည်နယ် ဝန်ကြီးချုပ် မစ္စတာ ပုရှ်ကာ ဆင်း ဒဟာမီ (Pushkar Singh Dhami) က သတင်းထောက်များကို ပြောကြားသည်။
အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF)၊ ပြည်နယ် သဘာဝဘေးတပ်ဖွဲ့၊ အိန္ဒိယ-တီဗက် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးအဖွဲ့များသည် ကျန်ရှိနေသည့် အလုပ်သမားများကို ရှာဖွေရန် မြင့်တက်လာသည့် ရေထုနှင့် အပျက်အစီးများကြားမှ ရုန်းကန်ဆောင်ရွက်နေရကြောင်း အာဏာပိုင်များက ပြောသည်။

“ကျွန်တော်တို့အဖွဲ့ အခင်းဖြစ်ပွားရာနေရာကို ရောက်ပြီး ကယ်ဆယ်ရေးစတင်ချိန်မှာ လှိုဏ်ခေါင်း အတွင်း ရေတွေ အများကြီးရှိနေသလို ဘေးနံရံတွေကနေလည်း ရေတွေ စိမ့်ထွက်နေတာပါ။ အဲဒီနောက်ပိုင်း ရေမျက်နှာပြင်က ပိုပြီး မြင့်တက်လာပါတယ်” ဟု NDRF အဖွဲ့မှ တပ်မှူး အမရစ် လားလ် မိန်းနား (Amrit Lal Meena) က ပြောသည်။
ဆောက်လုပ်ရေးဆိုင်ရာ မတော်တဆမှုများသည် အိန္ဒိယနိုင်ငံတွင် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အခြေခံအဆောက်အအုံများ လျှင်မြန်စွာ တိုးချဲ့ဆောက်လုပ်မှုနှင့် နုနယ်သည့် ဘူမိဗေဒ အနေအထား၊ ဆောက်လုပ်ရေး အားနည်းချက်များ၊ ဆိုးရွားသည့် ရာသီဥတုနှင့် လုံခြုံရေးစံနှုန်းများ အားနည်းမှုတို့ကြောင့် ဖြစ်လေ့ရှိသည်။
ဟိမဝန္တာဒေသတွင် နုနယ်သည့် တောင်တန်းများ၊ ငလျင်လှုပ်ခတ်မှုများနှင့် ခန့်မှန်းရခက်သည့် မြေအောက်အခြေအနေများကြောင့် လှိုဏ်ခေါင်းစီမံကိန်းများသည် အထူးပင် စိုးရိမ်ရသည့် အန္တရာယ်ရှိသည်။
အိမ်နီးချင်း မေဃာလယပြည်နယ် (Meghalaya) ရှိ ကျောက်မီးသွေးတွင်းတစ်ခုအတွင်း ဖေဖော်ဝါရီလက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ၁၈ ဦး သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ်ကလည်း ဥတ္တရာခန်ပြည်နယ် မြောက်ပိုင်းတွင် လှိုဏ်ခေါင်းတစ်ခု ပြိုကျခဲ့သဖြင့် အလုပ်သမား ၄၁ ဦးမှာ ၁၇ ရက်ကြာ ပိတ်မိနေခဲ့ပြီးမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။
Ref : AP
