သက်တံ့
၁၅. ၈. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းတွင် သက်တမ်းကုန် သင်္ဘောတစ်စီးကို ဖျက်ဆီးနေစဉ် အဆိပ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့သည်ဟု ယူဆရသည့် ဖြစ်စဉ်ကြောင့် သောကြာနေ့တွင် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
စစ်တကောင်းခရိုင်၊ ဆီတာကွန်ဒါဒေသ (Sitakunda) ရှိ ဖာဒေါက်စ် စတီးလ် သင်္ဘောဖျက်စခန်း (Ferdous Steel Ship Breaking Yard) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားလူ အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိ မိုဟာမက် အာလမ်ဂီးယား (Mohammed Alamgir) က ပြောသည်။ မူလက သေဆုံးသူ ၆ ဦး ရှိခဲ့သော်လည်း အခင်းဖြစ်ပွားရာ နေရာမှ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် နောက်ထပ် ၂ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ကုမ္ပဏီထံမှ ချက်ချင်း မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပေ။
အစိုးရ စက်ရုံစစ်ဆေးရေး အဆင့်မြင့်အရာရှိ မာဘူဘူးလ် ဟာဆန်း (Mahbubul Hasan) က သင်္ဘောအတွင်းမှ ထွက်ရှိလာသည့် အဆိပ်ငွေ့များကြောင့် အလုပ်သမားများ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းအေဂျင်စီ (BSS) သို့ ပြောကြားခဲ့သည်။
“ဓာတ်ငွေ့ထွက်ရှိရတဲ့ အကြောင်းအရင်းနဲ့ အလုပ်သမားတွေအတွက် စခန်းမှာ လုံလောက်တဲ့ လုံခြုံရေး အစီအမံတွေ ပြုလုပ်ထားခြင်း ရှိ၊ မရှိ ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သင်္ဘောဖျက် လုပ်ငန်းသည် စစ်တကောင်းခရိုင်၊ ဆီတာကွန်ဒါ ကမ်းရိုးတန်း ၂၀ ကီလိုမီတာတစ်လျှောက်တွင် စုစည်းတည်ရှိပြီး ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ကြေးရှိသော ကမ္ဘာ့အကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်း သင်္ဘောဖျက်ဆီးမှု စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားပြီး အဆိုပါ ဒေသတွင် မှတ်ပုံတင်ထားသည့် သင်္ဘောဖျက်စခန်းပေါင်း ၁၅၀ ခန့် ရှိကာ အမေရိကန်ဒေါ်လာ ၂.၄၆ ဘီလျံခန့် နှစ်စဉ် လည်ပတ်လျက်ရှိသည်။ ထို့ပြင် နိုင်ငံအတွင်း လိုအပ်သည့် သံတိုသံစ၏ ထက်ဝက်ကျော်ကို ထောက်ပံ့ပေးနေပြီး အလုပ်သမား သောင်းပေါင်းများစွာကို အလုပ်အကိုင် ဖန်တီးပေးထားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများကမူ အဆိုပါ လုပ်ငန်းသည် ဘေးအန္တရာယ် ကင်းရှင်းရေး စံနှုန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံချိန်စံညွှန်းများ အားနည်းကြောင်း ဝေဖန်ထောက်ပြကြသည်။ အနောက်နိုင်ငံများမှ ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများ ပါဝင်သည့် သင်္ဘောများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
Ref: AP
