သက်တံ့
၁၅. ၈. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ် မြောက်ပိုင်းတွင် သောကြာနေ့ (ဩဂုတ် ၁၄ ရက်) က အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ရသလို သံသယရှိသူ သေနတ်သမားကိုလည်း အကြီးအကျယ် ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီးနောက် သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့အပြင် အခြားလူတစ်ဦးမှာလည်း စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ထားရသည်။
ဖြစ်စဉ်မှာ မစ်ရှီဂန်ပြည်နယ်၊ ဒီထရိုက်မြို့၏ အနောက်မြောက်ဘက် ၂၇၂ ကီလိုမီတာခန့် အကွာတွင်ရှိသော မိဆော်ကီခရိုင် (Missaukee County) ရှိ နေအိမ်တစ်အိမ်၌ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၀ ခန့်တွင် သွားရောက်ခဲ့ကြောင်း မစ်ရှီဂန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရဲအရာရှိများ ရောက်ရှိချိန်တွင် သေဆုံးသူ ၃ ဦးနှင့် စိုးရိမ်ရ ဒဏ်ရာရရှိထားသူ ၁ ဦးကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ အသက် ၃၉ နှစ်အရွယ် ချဒ်ဟစ်ခ်မန်း (Chad Hickman) ဟု အမည်ဖော်ထုတ်ထားသည့် သံသယရှိသူမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိမီ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
◾️ သံသယရှိသူကို ပိုက်စိပ်တိုက် ရှာဖွေအပြီး သေဆုံးလျက်သား တွေ့ရှိ
ရဲတပ်ဖွဲ့သည် ဟစ်ခ်မန်းကို အကြီးအကျယ် လိုက်လံရှာဖွေခဲ့ပြီး ၎င်းတွင် လက်နက်ပါရှိသဖြင့် အန္တရာယ်ရှိကြောင်းနှင့် အနားသို့ မကပ်ကြရန် ဒေသခံများကို သတိပေးခဲ့သည်။
လိုက်လံရှာဖွေနေစဉ်အတွင်း စုံစမ်းစစ်ဆေးသူများသည် အခြားနေအိမ်တစ်အိမ်၌ စတုတ္ထမြောက် သေဆုံးသူတစ်ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူဦးရေ ၄ ဦးအထိ မြင့်တက်လာခဲ့သည်။
ထို့နောက် မစ်ရှီဂန်ပြည်နယ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဝှစ်လော့ခ်ရေကန် (Whitlock Lake) အနီးရှိ သစ်တောအုပ်အတွင်း မစ္စတာဟစ်ခ်မန်း၏ ယာဉ်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းနှင့်အတူ အခြားလူတစ်ဦးပါ အဆိုပါဧရိယာအတွင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
မစ္စတာဟစ်ခ်မန်းနှင့် အခြားသူတစ်ဦး မည်သို့သေဆုံးခဲ့သည်ဆိုသည်ကို သက်ဆိုင်ရာက အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးသလို ယာဉ်အနီးတွင် ထပ်မံတွေ့ရှိရသည့် သေဆုံးသူမှာ ပစ်ခတ်မှုနှင့် ဆက်စပ်မှု ရှိ၊ မရှိဆိုသည်မှာလည်း ချက်ချင်း ရေရေရာရာ မသိရသေးပေ။
ဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် သေဆုံးသူများနှင့် သံသယရှိသူတို့ကြား ဆက်နွှယ်မှု ရှိ၊ မရှိကိုမူ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
“ဒီအခြေအနေဟာ ဒေသခံလူထုအတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်သလို ပါဝင်ဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးသူတွေအတွက်လည်း စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်” ဟု မစ်ရှီဂန်ပြည်နယ် ရဲဒုဗိုလ် အက်ရှ်လီ မီလာ (Ashley Miller) က သတင်းဧဂျင်စီ AP သို့ ပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ ဘက်ပေါင်းစုံကနေ သေချာစုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး အချက်အလက်သစ်တွေ ရရှိလာတာနဲ့အမျှ ထပ်မံထုတ်ပြန်ပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
◾️ သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ခြင်း မရှိသေး
သေဆုံးသူများ၏ မိသားစုထံ အကြောင်းကြားရန် စောင့်ဆိုင်းနေဆဲဖြစ်သဖြင့် သေဆုံးသူများ၏ အမည်၊ အသက်နှင့် ကျား/မ ခွဲခြားမှုကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
အဆိုပါပစ်ခတ်မှုများသည် မစ်ရှီဂန်ပြည်နယ် မြောက်ပိုင်းရှိ ကျေးလက်ဒေသတစ်ခုဖြစ်သော မိဆော်ကီခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများက အခင်းဖြစ်ပွားရာ နေရာအသီးသီးတွင် ဆက်လက်လုပ်ဆောင်နေစဉ် မိဘပြည်သူများအနေဖြင့် အဆိုပါဧရိယာသို့ မသွားရောက်ကြရန် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
The Guardian သတင်းစာ၏ ဖော်ပြချက်အရ တရားရုံးမှတ်တမ်းများတွင် မစ္စတာဟစ်ခ်မန်းသည် လင်မယားကွာရှင်းရန် ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းသည် ၂၀၁၀ ပြည့်နှစ်က ကျူးလွန်ခဲ့သည့် ပြစ်မှုတစ်ခုနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင် ပြစ်ဒဏ်ပေါ့သည့် ပြစ်မှု ၂ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ခရိုင်ထောင်ဒဏ် ၁ နှစ်ကျော် ကျခံခဲ့ရဖူးကြောင်းလည်း ထိုသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ယခင်အမှုများသည် သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ဆက်စပ်မှု ရှိ၊ မရှိကို သက်ဆိုင်ရာက ဖော်ပြထားခြင်း မရှိသေးသလို စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Ref : TOI
