၁၅.၈.၂၀၂၆
Written by Linn Eain
လျှပ်စစ်မီတာ မရှိသေးသူများ Website မှ တစ်ဆင့် ရုံးချုပ်သို့လျှောက်ထားရာတွင် သတ်မှတ်ကြေး ပေးသွင်းရမည့်နှုန်းထား ယခင်အတိုင်း ပြောင်းလဲထားခြင်းမရှိဘဲ Digital Smart မီတာအသစ်များ တပ်ဆင်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ယနေ့(ဩဂုတ် ၁၅ ရက်) စတင်၍ Digital Smart မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ပြီး ဌာနမှ သတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေးပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထား ယခင်အတိုင်း ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။
Digital Smart မီတာများအတွက် ပေးသွင်းရမည့် နှုန်းထားများမှာ အိမ်သုံးမီတာ – ၂၅၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (10 kW) – ၁,၀၀၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (20 kW) – ၁,၂၃၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (30 kW) – ၁,၄၆၀,၀၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (10 kW)- ၁,၀၇၇,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (20 kW) – ၁,၃၈၂,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (30 kW) – ၁,၆၈၇,၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကြောင့် မီတာတပ်ဆင်လိုသူ မိဘပြည်သူများအနေဖြင့် www.moee.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားနိုင်ပြီး ယင်းသို့လျှောက်ထားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက အမြန်ဆုံး မီတာတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်) – ၀၆၇-၃၄၁၀၄၆၀၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (YESC) – ၁၇၁၇၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line) ၁၆၁၆၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅ ၀၆၇-၃၄၁၀၄၀၇ သို့လည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
