နေမိုး
၁၄. ၈. ၂၀၂၆
”ယေရှုတရုတ်မ” အမည်ခံအဖွဲ့ “ဝ” ဒေသအတွင်း ဝင်ရောက်လာသည့်အတွက် UWSA ထိန်းချုပ်နယ်မြေဖြစ်သော ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နှင့် တောင်ပိုင်း ၁၇၁ စစ်ဒေသတို့ရှိ ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို “ဝ” တပ်ဖွဲ့ဘက်မှ ယာယီပိတ်သိမ်းလိုက်ကြောင်း UWSA ထိန်းချုပ် မီဒီယာတစ်ခုဖြစ်သည့် Wa News Land (WNL) က ယနေ့တွင် သတင်းဖော်ပြသည်။
လတ်တလော နာမည်ကြီးနေသည့် ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်း (ဒေသအခေါ် “ယေရှုတရုတ်မ” အဖွဲ့) ဝင်ရောက်လာသည့် သတင်းများကြောင့် ယခုကဲ့သို့ ဘုရားကျောင်းများ ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း WNL က ဆိုသည်။
”ပန်ဆန်းက ဘုရားကျောင်းအားလုံးကို ယာယီပိတ်သိမ်းလိုက်တာ မှန်ပါတယ်။ ယေရှုတရုတ်မအဖွဲ့တွေ လာရှုပ်နေတဲ့ သတင်းကြောင့်ပါ။ ဒီမှာက အသင်းတော် ၂၀ ကျော်ရှိပါတယ်။ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ ပြီးရင်တော့ ပြန်ဖွင့်ပေးမယ်လို့ ကြားသိရပါတယ်” ဟု WNL ၏ သတင်းရင်းမြစ်တစ်ခုက ပြောကြားထားသည်။
အဆိုပါကိစ္စကို UWSA/UWSP ဗဟိုမှ တိုက်ရိုက်ကိုင်တွယ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ အလားတူ နားဝီးမြို့ရှိ အသင်းတော် ၇ ခုလုံးကိုလည်း ပိတ်သိမ်းထားပြီး “ယေရှုတရုတ်မ” ကို ယုံကြည်သူ အမျိုးသမီးတစ်ဦးနှင့် ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
အခြား ဒေသသတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ “ဖမ်းဆီးတာက အဲ့ဒီ ယေရှုတရုတ်မအဖွဲ့တွေကို လိုက်ဖမ်းနေတာ ဖြစ်ပါတယ်။ သူ့ကိုယ်သူ ယေရှုဆိုပြီး ပြောနေကြတာပါ။ ဖမ်းမိတာက ဒေသခံတွေ အများကြီးဖြစ်နေပြီး တရုတ်ပြည်ကလူကတော့ တစ်ယောက်ပဲ ဖမ်းမိသေးတယ်။ အရေးကြီးတဲ့သူ မဖမ်းမိသေးပါဘူး။ ၁၇၁ စစ်ဒေသ တာချီလိတ်အစပ်ဘက်က ကျောင်းတွေလည်း ပိတ်လိုက်ရတယ်” ဟု ဖော်ပြထားသည်။
ဟိုပန်မြို့ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံတစ်ဦးကမူ “ကျွန်တော်တို့ ‘ဝ’ မှာ ဘာသာရေးလွတ်လပ်ခွင့်တွေ အပြည့်အဝ ပေးထားပါတယ်။ သို့သော် ဘာသာရေးကို ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးကို ကမောက်ကမ ဖြစ်စေမယ့် အဖွဲ့တွေကိုတော့ ခွင့်မပြုပါဘူး။ အဲဒီဂိုဏ်းအဖွဲ့နဲ့ ပတ်သက်သူတွေကိုပဲ သီးသန့် အရေးယူ ဖမ်းဆီးတာ ဖြစ်ပါတယ်။ ဥပမာ – ဟိုပန်၊ ပန်လုံ၊ နမ့်တစ် ဘက်တွေတော့ မပါပါဘူး။ နယ်မြေတစ်ခုလုံး အကုန်ပိတ်တာ မဟုတ်ဘဲ စစ်ဆေးနေစဉ်အတွင်း ယာယီခေတ္တ ပိတ်ထားတာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
”ဝ” လက်နက်ကိုင် UWSA ထိန်းချုပ်နယ်မြေတွင် လွန်ခဲ့သော ၂၀၁၈ – ၂၀၁၉ ဝန်းကျင်ကလည်း အလားတူ ဒေသတစ်ခုလုံး အတိုင်းအတာဖြင့် ခရစ်ယာန်ဘုရားကျောင်းများ ပိတ်သိမ်းခြင်း၊ ကိုးကွယ်ခွင့် တားမြစ်ခြင်းနှင့် ဓမ္မဆရာများကို ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့ဖူးသည်။
”ယေရှုတရုတ်မ” အဖွဲ့သည် ၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်အမျိုးသမီး Yang Xiangbin အား ဒုတိယအကြိမ် ကြွလာသည့် ခရစ်တော်အဖြစ် ယုံကြည်ကိုးကွယ်သည့် အဖွဲ့ဖြစ်သည်။ သူတို့၏ ဂိုဏ်းကို “Eastern Lightning” (အရှေ့ဘက် လျှပ်စီး) သို့မဟုတ် “Church of Almighty God” (အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်) ဟု အမည်ပေးထားသော်လည်း တရုတ်အစိုးရက ၁၉၉၅ ခုနှစ်တွင် အစွန်းရောက်ဂိုဏ်းအဖြစ် ပိတ်ပင်ခဲ့သည်။ ထို့အပြင် ကက်သလစ်နှင့် ပရိုတက်စတင့် အပါအဝင် ပင်မခရစ်ယာန် အသင်းတော်များကလည်း အဆိုပါအဖွဲ့၏ သွန်သင်ချက်များကို သမ္မာကျမ်းစာနှင့် သွေဖည်နေသည့် မိစ္ဆာဒိဋ္ဌိ (Heresy) အဖြစ် သတ်မှတ်ထားကြသည်။
Ref & Photo WNL
