၁၄.၈.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ယာဉ်အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းစရိတ်တွေ အဆမတန် မြင့်တက်လာမှုကြောင့် YBS ယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခနှုန်းထားတွေကို လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစတင်ကာ တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ကြောင်း ဒီကနေ့ မီဒီယာတွေ့ဆုံပွဲမှာ YRTC တာဝန်ရှိသူက ထုတ်ပြန်ပြောကြားပါတယ်။
YRTC အောက်မှာ YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်းနဲ့ စာရင်းရှိ ယာဉ်စီးရေ ၅,၃၉၉ စီးရှိပြီး၊ နေ့စဉ် ယာဉ်လိုင်း ၁၃၄ လိုင်း၊ ယာဉ်စီးရေ ၃,၃၀၀ ခန့်နဲ့ ခရီးသည် ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။
စက်တင်ဘာ ၁ ရက်ကစပြီး မူလ မြို့တွင်း (Downtown) ဧရိယာ ၂၀၀ ကျပ် ကောက်ခံနေရာက ၃၀၀ ကျပ် (၅၀ ရာခိုင်နှုန်းတိုးမြှင့်) သို့လည်းကောင်း၊ မြို့ပြင်နဲ့ ဆင်ခြေဖုံးနေရာတွေအတွက် ၄၀၀ ကျပ် ကောက်ခံနေရာကနေ ၆၀၀ ကျပ် (၅၀ ရာခိုင်နှုန်းတိုးမြှင့်) သို့လည်းကောင်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပါတယ်။ YPS ကတ်တွေနဲ့ ပေးချေမှုကိုလည်း အဆိုပါ နှုန်းထားအတိုင်း ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ယာဉ်စီးခ နှုန်းထား တိုးမြှင့်ရတဲ့ အကြောင်းအရင်းဟာ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အစိုးရ ရှယ်ယာပါတဲ့ YUPT နဲ့ YBPC ကုမ္ပဏီတွေ စိစစ်ချက်အရ ဘက်ထရီအုပ်စု (၂၆၅ ရာခိုင်နှုန်း)၊ ကားအပိုပစ္စည်း (၃၂၇ ရာခိုင်နှုန်း)၊ ဘရိတ်အုပ်စု (၄၈၃ ရာခိုင်နှုန်း)၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်း (၅၆၆ ရာခိုင်နှုန်း) နဲ့ အခြားအုပ်စု (၁၀၈၀ ရာခိုင်နှုန်း) အထိ အဆမတန် တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။
YBS ယာဉ်တွေဟာ ယာဉ်အပိုပစ္စည်း ဝယ်ယူမှုနှုန်းတိုးမြှင့်လာပေမယ့်လည်း YBS ယာဉ်စီးခနှုန်းထားမှာ တိုးမြင့်မှုမရှိဘဲ မူလ ရန်ကုန်မြို့တွင်း (Downtown) ဧရိယာအတွင်း (၂၀၀) ကျပ်၊ အခြား ရန်ကုန်မြို့ပြင်နဲ့ ဆင်ခြေဖုံးဒေသ (၄၀၀) ကျပ်နှုန်းသာ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ ကောက်ခံဆောင်ရွက်လျက်ရှိရာ ယာဉ်အပိုပစ္စည်း ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာတဲ့အတွက်ကြောင့် ဝင်ငွေ/ထွက်ငွေ မမျှတခြင်း၊ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေတွေ တဖြည်းဖြည်းလျော့နည်းလာခြင်း စတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေကြောင်းကို YRTC တာဝန်ရှိသူတွေ အနေနဲ့ သိရှိ ကြားသိရကြောင်း၊ အသေးစားပြုပြင်ယာဉ် (၁၀၂၄) စီး၊ အလတ်စားပြုပြင်ယာဉ် (၂၀၉) စီး၊ အကြီးစားပြုပြင်ယာဉ် (၅၁၀) စီးနဲ့ အခြား ပြေးဆွဲနိုင်ခြင်းမရှိယာဉ် (၃၅၆) စီးခန့်ရှိနေတဲ့အတွက် လက်ရှိပြုပြင်ဆဲယာဉ်များရဲ့ ယာဉ်အပိုပစ္စည်းဈေးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင် ဆောင်ရွက်ရာမှာ အထိုက်အလျောက်အဆင်ပြေစေရေးအတွက် ယာဉ်စီးခနှုန်းထားတွေကို ထိုက်သင့်သလောက် တိုးမြှင့်ပေးဖို့ YUPT နှင့် YBPC Co., Ltd တို့က YRTC ကို တင်ပြခဲ့ကြောင်း ယနေ့ ကျင်းပတဲ့ မီဒီယာတွေ့ဆုံပွဲမှာ YRTC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မန်က ရှင်းလင်း ပြောပြပါတယ်။
YRTC အနေနဲ့ ယာဉ်လိုင်းတွေ ရေရှည်ရပ်တည်နိုင်ပြီး ပြုပြင်ဆဲ ယာဉ်တွေ အမြန်ပြင်ဆင်ကာ ယာဉ်ထွက်တိုးလာစေရေးအတွက် ခရီးသည်တွေနဲ့ ယာဉ်လိုင်းတွေအကြား နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ (Win-Win) နှုန်းထားအဖြစ် သင့်တင့်မျှတစွာ ပြန်လည်သတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
