သက်တံ့
၁၄. ၈. ၂၀၂၆
ယခုနှစ်အတွင်း BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် အိန္ဒိယနိုင်ငံက ဦးဆောင်နေချိန်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နှင့် ရုရှား သံအမတ်ကြီးများက အိန္ဒိယ၏ BRICS ဥက္ကဋ္ဌတာဝန်ယူမှုအပေါ် ထောက်ခံပံ့ပိုးကြောင်း ဗုဒ္ဓဟူးနေ့က နယူးဒေလီမြို့၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထပ်လောင်းအတည်ပြုခဲ့ကြသည်။
အဆိုပါ သံအမတ်ကြီးများသည် Vivekananda International Foundation က ဦးစီးကျင်းပသည့် BRICS သံအမတ်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲ (BRICS Ambassadors’ Roundtable Discussion) သို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Xu Feihong က ၎င်း၏ X (ယခင် တွစ်တာ) စာမျက်နှာတွင် –
“MAGIC ဆိုတဲ့ အင်္ဂလိပ်စာလုံး ၅ လုံးနဲ့အတူ BRICS ပူးပေါင်းဆောင်ရွက်မှုရဲ့ ဝိသေသလက္ခဏာနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်တွေအပေါ် ကျွန်တော့်ရဲ့ အမြင်တွေကို မျှဝေခဲ့ပါတယ်။ MAGIC ဆိုတာကတော့ – Multilateralism (နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးမူဝါဒ)၊ Action (လက်တွေ့ဆောင်ရွက်မှု)၊ Global Governance (ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု)၊ Inclusiveness (အစဉ်အမြဲပါဝင်မှု) နဲ့ Cooperation (ပူးပေါင်းဆောင်ရွက်မှု) တို့ ဖြစ်ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် BRICS အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံအားလုံးနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း ၎င်းတို့၏ တယ်လီဂရမ် စာမျက်နှာတွင် ဖော်ပြချက်တစ်ခု၌ –
ရုရှားသံရုံးယာယီတာဝန်ခံ Mr. Roman Babushkin က ၂၀၂၆ ခုနှစ်အတွင်း အိန္ဒိယ၏ BRICS ဥက္ကဋ္ဌ ဦးစားပေး လုပ်ငန်းစဉ်များကို ရုရှားက ထောက်ခံပံ့ပိုးကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း BRICS အဖွဲ့သည် ဘက်ပေါင်းစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအတွက် ထိရောက်သော ယန္တရားတစ်ခုအဖြစ်လည်းကောင်း၊ ဘက်စုံကမ္ဘာ့အစဉ်အလာသစ်တွင် ကမ္ဘာ့လူဦးရေအများစုဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံများ (Global Majority) ၏ အကျိုးစီးပွားကိုမြှင့်တင်ပေးနိုင်သော သြဇာညောင်းသည့် ပလက်ဖောင်းတစ်ခုအဖြစ်လည်းကောင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူများက ရာသီဥတု၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ် အုပ်ချုပ်ရေး၊ အစားအစာနှင့် စွမ်းအင် လုံခြုံရေး၊ နည်းပညာနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် “လူသားဆန်မှုကို ဦးစားပေးခြင်း” (Humanity first) ဆိုသည့် စိတ်ဓာတ်ကို အခြေခံ၍ BRICS သည် ပြည်သူကို ဗဟိုပြုသော လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုအဖြစ် ပါဝင်သည့် အရေးပါမှုကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် အေအိုင် (AI) နည်းပညာ ပိုမိုတိုးတက်စေရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ပိုမိုပြုလုပ်ရေး တို့ကိုလည်း ထည့်သွင်း အလေးပေး ဆွေးနွေးခဲ့ကြသည်။
Ref : Khmer Times
