၁၄.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့တွင် ဝမ်းပျက်/ဝမ်းလျောရောဂါဖြစ်ပွားနေမှုကြောင့် ကျောက်တံတားမြို့နယ်ရှိ အများပြည်သူသုံး မြေအောက်ရေစုကန်တွင် ဩဂုတ် ၁၄ ရက်၊ နေ့လယ်ပိုင်းက ကလိုရင်းဆေးများခတ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်းရှိ ဂါလံ တစ်သိန်းဆံ့ ဂျိုးဖြူရေ မြေအောက်ရေစုကန်နှင့် ပြည်တွင်းရေကြောင်းရှိ အများပြည်သူသုံးရေစုကန်တို့တွင် သက်ဆိုင်တာဝန်ရှိသူများက ကလိုရင်းဆေးများ ခတ်ခဲ့ခြင်းဖြစ်သည်။





ရန်ကုန်မြို့တွင်း လေးမြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်)တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဩဂုတ် ၁၀ ရက်က စတင်ဖြစ်ပွားလျက်ရှိပြီး ကျောက်တံတားမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀ ဦးရှိခဲ့ကာ လူနာအချို့လည်း သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတို့မှ ဆင်းသွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တို့တွင်ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတင်ပို့ကုသခံနေရသူ ၁၈၀ ကျော်အနက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ ၅၄ ဦးရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဩဂုတ် ၁၃ ရက်တွင် သိရသည်။
