သက်တံ့
၁၄. ၈. ၂၀၂၆
ရုရှားနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးယာဉ်များ ထုတ်လုပ်သည့် GAZ Group ကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ဖနွမ်းပင်တွင် ထုတ်လုပ်ရေးနှင့် တပ်ဆင်ရေး စက်ရုံတစ်ရုံ တည်ဆောက်ရန် အစီအစဉ်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့် အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲအရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်သည် ဖနွမ်းပင် ဒုတိယမြို့တော်ဝန် Imran Hassan နှင့် မန်နေဂျင်းဒါရိုက်တာ Dolgov Leonid ဦးဆောင်သော GAZ Group ထံမှ ကိုယ်စားလှယ်အဖွဲ့တို့အကြား ပြုလုပ်ခဲ့သည့် လုပ်ငန်းခွင် တွေ့ဆုံဆွေးနွေးပွဲအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခု ဆွေးနွေးပွဲသည် ဝန်ကြီးချုပ် ဟွန်မာနက်၏ ရုရှားနိုင်ငံ တရားဝင် ခရီးစဉ်အတွင်း ကနဦး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်ခြင်းလည်း ဖြစ်သည်။
တွေ့ဆုံပွဲအတွင်း Leonid က ၎င်းတို့ကုမ္ပဏီ၏ နှစ်ပေါင်း ၉၁ နှစ်ကြာ သမိုင်းကြောင်းနှင့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံသို့ နည်းပညာပိုင်းဆိုင်ရာ တိုးချဲ့ခဲ့မှု အပါအဝင် စက်ရုံပေါင်း ၁၅ ရုံရှိသည့် အခြေအနေများပါဝင်သော ကုမ္ပဏီ၏ ကျယ်ပြန့်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို မိတ်ဆက်တင်ပြခဲ့သည်။ ကမ္ဘောဒီးယားတွင် တည်ထောင်ရန် အဆိုပြုထားသည့် လုပ်ငန်းများမှာလည်း ဗီယက်နမ်ရှိ ပုံစံအတိုင်းပင် ဖြစ်ပြီး ဓာတ်ဆီ၊ ဒီဇယ်၊ ဂတ်စ် နှင့် လျှပ်စစ်အင်ဂျင်များ အပါအဝင် လောင်စာအမျိုးအစားစုံဖြင့် မောင်းနှင်နိုင်သော ကူးသန်းရောင်းဝယ်ရေး ကုန်ကားများ၊ ဘတ်စ်ကားများ၊ အထူးပြု ရေဘောက်ဆာကားများနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေး ယာဉ်များကို ထုတ်လုပ်ရန် အဓိကထားမည် ဖြစ်သည်။
ရုရှားကုမ္ပဏီအနေဖြင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် ကနဦး ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လုပ်ငန်းများ အရှိန်အဟုန်မြှင့် စတင်နိုင်ရန်အတွက် ဖနွမ်းပင်မြို့အတွင်း မဟာဗျူဟာမြောက် မြေနေရာတစ်ခုကို တက်ကြွစွာ ရှာဖွေလျက်ရှိသည်။
ထို့အပြင် GAZ ကုမ္ပဏီတာဝန်ရှိသူများက ကမ္ဘောဒီးယားဈေးကွက်သို့ ဝင်ရောက်ရသည့် အဓိက တွန်းအားမှာ ပြည်တွင်း၌ ဝယ်လိုအား မြင့်မားနေခြင်းကြောင့်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ ကမ္ဘောဒီးယားဈေးကွက်ကို လေ့လာခဲ့ပြီး ကျွန်တော်တို့ ထုတ်ကုန်တွေအတွက် ထင်ရှားတဲ့ ဝယ်လိုအားရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီမှာ အမြန်ဆုံး လုပ်ငန်းစတင်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်” ဟု Leonid က တင်ပြစဉ်အတွင်း ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှု သဘောထားအဖြစ် GAZ Group သည် ၎င်းတို့၏ မော်တော်ယာဉ် မော်ဒယ်နှစ်မျိုးကို မြို့တော် တာဝန်ရှိသူများထံ ပြသခဲ့ပြီး တစ်စီးကို ဖနွမ်းပင် မြို့တော်စည်ပင်သာယာရေး အဖွဲ့သို့ လှူဒါန်းရန် ကမ်းလှမ်းခဲ့သည်။ ကုမ္ပဏီအနေဖြင့် ယင်းလှူဒါန်းမှုအတွက် လိုအပ်သော တင်သွင်းမှုနှင့် အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြန်ဆန်စေရန် မြို့တော်ဘက်မှ ကူညီပေးပါရန် တောင်းဆိုထားသည်။
ဒုတိယမြို့တော်ဝန် Imran Hassan က အဆိုပါ ရင်းနှီးမြှုပ်နှံမှုအပေါ် မြို့တော်စည်ပင်ဘက်မှ အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ထုတ်လုပ်သူအတွက် အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးဆိုင်ရာ ဥပဒေနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။
“ဖနွမ်းပင် မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား ဒီရင်းနှီးမြှုပ်နှံမှုကို အခိုင်အမာ ထောက်ခံပြီး လိုအပ်တဲ့ ဥပဒေကြောင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုအားလုံးကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref : Khmer Times
