သက်တံ့
၁၄. ၈. ၂၀၂၆
ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များနှင့် ကမ္ဘာ့ပဋိပက္ခများကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်များသည် ရရှိနိုင်သော အရင်းအမြစ်များထက် ကျော်လွန်နေပြီး ဘဏ္ဍာရေး ကျပ်တည်းမှုဖြင့် ရုန်းကန်နေရသည့် အကူအညီပေးရေး ယန္တရားအပေါ် ဖိအားများ ပိုမိုသက်ရောက်နေကြောင်း ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကွန်ရက်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၉၁ နိုင်ငံရှိ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများကို ပံ့ပိုးကူညီပေးနေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Matheou က ပြောကြားသည်။
ထို့အတွက် အဓိက အလှူရှင်နိုင်ငံများက ရန်ပုံငွေများ လျှော့ချနေချိန်တွင် အာရှနိုင်ငံများအနေဖြင့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ယန္တရားတွင် ယခုထက်ပို၍ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ကြောင်း IFRC ၏ ဒေသဆိုင်ရာ အကြီးအကဲက ဆက်လက် ပြောကြားသည်။
စီးပွားရေး ဖိအားများကြောင့် အစိုးရများက အကူအညီပေးရေး အသုံးစရိတ်များကို လျှော့ချနေသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကွန်ရက်သည် သမိုင်းဝင် ဘဏ္ဍာရေး ကျပ်တည်းမှုနှင့် ရုန်းကန်နေရကြောင်းလည်း Matheou က ဆိုသည်။
“ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ယန္တရားမှာ အဓိက အားနည်းချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ မြောက်အမေရိကနဲ့ ဥရောပက အနည်းငယ်သော အလှူရှင်နိုင်ငံတွေရဲ့ ရန်ပုံငွေအပေါ်မှာပဲ အဓိက မှီခိုနေရတာပါ။ ခုတော့ အဲဒီနိုင်ငံတွေအားလုံးက ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို လျှော့ချလိုက်ကြတဲ့အတွက် လတ်တလော သမိုင်းကြောင်းမှာ အကူအညီပေးရေးအတွက် အကြီးမားဆုံး လျှော့ချခံရမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် “အကျပ်အတည်း ကြုံတွေ့နေရသူတွေကို ကူညီပေးနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်ရည်တွေကို ထိန်းသိမ်းထားနိုင်ဖို့ အာရှအနေနဲ့ ကတိကဝတ်တွေ တိုးမြှင့်ပြီး အဓိက အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ပါတယ်” ဟုလည်း ဆက်လက်ပြောကြားသည်။
သို့သော် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများ၏ စုစုပေါင်း ပံ့ပိုးကူညီမှု ပမာဏမှာ နှိုင်းယှဉ်ချက်အရ နည်းပါးနေသေးသော်လည်း၊ လူသားချင်းစာနာမှု ကူညီပံ့ပိုးမှုများကို တိုးမြှင့်ကာ ဝန်ထုပ်ဝန်ပိုးများကို ပိုမိုခွဲဝေ တာဝန်ယူလာနေပြီဖြစ်ကြောင်း Matheou က ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ အကူအညီများ လျှော့ချခံရမှု၏ ရိုက်ခတ်မှုသည် ဒေသတစ်ခုနှင့်တစ်ခု မတူညီကြပေ။ အာရှ-ပစိဖိတ်ဒေသ အချို့နေရာများတွင် ပြည်တွင်း စွမ်းဆောင်ရည်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရင်းနှီးမြှုပ်နှံမှုများသည် အကူအညီအပေါ် မှီခိုနေရသည့် အခြေအနေမှ လွတ်မြောက်သည့် အဆင့်အထိ တိုးတက်လာခဲ့ကြောင်း Matheou က CNA သို့ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံဟာ ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။ သူတို့ကြုံတွေ့ရတဲ့ အကျပ်အတည်းတွေအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေကို ရယူဖို့ မလိုတော့တဲ့ နိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ကလည်း အဲဒီအုပ်စုထဲကို ပါဝင်လာနေပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် လူသားချင်းစာနာမှု လိုအပ်ချက်များ ပြင်းထန်နေဆဲဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အကူအညီများအပေါ် လွန်မင်းစွာ မှီခိုနေရသည့် နေရာများတွင်မူ အခြေအနေမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး ထိုသို့သော အဆိုးရွားဆုံး ဖြစ်စဉ်များထဲတွင် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ ပါဝင်ကြောင်း Matheou က ထောက်ပြခဲ့သည်။
အာဖဂန်နစ္စတန်တွင် IFRC နှင့် မိတ်ဖက်များ၏ ကူညီပံ့ပိုးမှုဖြင့် အာဖဂန် လခြမ်းနီအသင်းက လည်ပတ်နေသည့် အခြေခံ ကျန်းမာရေး ဆေးခန်းများ၏ ထက်ဝက်ခန့်သည် လွန်ခဲ့သည့် ၁၂ လမှ ၁၈ လအတွင်း ပိတ်သိမ်းခဲ့ရကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဆေးခန်းများသည် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အလှမ်းဝေးဆုံး ဒေသများ၌ မှီတင်းနေထိုင်သူများ၏ တစ်ခုတည်းသော ကျန်းမာရေး စောင့်ရှောက်မှု အရင်းအမြစ် ဖြစ်သည်။
“အဲဒီဆေးခန်းတွေ ပိတ်လိုက်ရတဲ့အခါ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အပေါ် ရိုက်ခတ်မှုက အလွန်ပဲ ကြီးမားပါတယ်” ဟု Matheou က ပြောကြားသည်။

ထို့အတူ အကူအညီပေးရေး အစီအစဉ်များ အပေါ် လွန်စွာမှီခိုနေရသည့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား (Cox’s Bazar) တွင်လည်း ရိုက်ခတ်မှုများကို ခံစားနေရသည်။ အကူအညီများ လျှော့ချလိုက်ခြင်းကြောင့် ရိက္ခာဝေပုံကျခွဲဝေမှုများ၊ ဆေးဝါးစောင့်ရှောက်မှုများနှင့် ကလေးသူငယ်များ၏ ပညာရေးအပါအဝင် အခြေခံဝန်ဆောင်မှုများကို ထိခိုက်စေခဲ့ကြောင်း Matheou က ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းကြီးတွင် မြန်မာနိုင်ငံနေရာအနှံ့ ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရပြီး လူသားချင်းစာနာမှု အကူအညီများကို မှီခိုနေရသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည် ၁ သန်းခန့် ခိုလှုံနေကြခြင်းဖြစ်သည်။
လတ်တလော ဘဏ္ဍာရေး ကျပ်တည်းမှုများအပြင် အခြားသော ကာလရှည် စိန်ခေါ်မှုတစ်ခုမှာ အရေးပေါ်အခြေအနေများ မဖြစ်ပွားမီ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် အလှူရှင်များနှင့် မူဝါဒချမှတ်သူများကို စုစည်းနှိုးဆော်ရန် ခက်ခဲခြင်းဖြစ်ကြောင်း Matheou က ဆိုသည်။
“အကျပ်အတည်းတစ်ခု ဖြစ်ပွားပြီး သတင်းစာတွေမှာ ဓာတ်ပုံတွေ ပါလာတဲ့အခါမှ စာနာကူညီမှုတွေ မြင့်တက်လာတတ်တာပါ။ ဒါပေမဲ့ ဖြစ်ချင်မှ ဖြစ်လာမယ့် ဘေးအန္တရာယ်တစ်ခုအတွက် ကြိုတင် ရန်ပုံငွေ ထောက်ပံ့ဖို့ အလှူရှင်တွေကို စည်းရုံးရတာ အလွန်ခက်ခဲပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း အာရှ-ပစိဖိတ် ဒေသတလွှားတွင် တိုးတက်မှု အရိပ်အမြွက်များကို တွေ့မြင်နေရပြီး အချို့အစိုးရများသည် ဘေးအန္တရာယ် ရိုက်ခတ်မှုများကို လျှော့ချရေး လှုပ်ရှားမှုများတွင် အရင်းအမြစ် အမြောက်အမြား ထည့်သွင်း ရင်းနှီးမြှုပ်နှံနေကြသည်။
တရုတ်နိုင်ငံ၏ ရေကာတာများနှင့် ရေလျှံကွင်းများတွင် ရင်းနှီးမြှုပ်နှံမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မုန်တိုင်းခိုလှုံရေးစခန်းများနှင့် ဂျပန်နိုင်ငံ၏ ငလျင်ဒဏ်ခံနိုင်ရေး ဆောင်ရွက်ချက်များကို Matheou က ထောက်ပြခဲ့သည်။
“ဒါပေမဲ့ အာရှမှာ ကြိုတင်ပြင်ဆင်မှု လုံလောက်စွာ ရင်းနှီးမြှုပ်နှံမထားတဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ မြို့ကြီးတွေ အများကြီး ရှိနေသေးပြီး အဲဒီနေရာတွေဟာ ရာသီဥတုဆိုင်ရာ ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်” ဟု ၎င်းက သတိပေးခဲ့သည်။
ပြင်းထန်သော အပူလှိုင်းများသည်လည်း အဆိုပါ အန္တရာယ်များကို ပိုမိုဆိုးရွားစေပြီး ပူနွေးလာသော ရာသီဥတုနှင့်ဆက်စပ်သည့် ပြင်းထန်သော ရာသီဥတု အခြေအနေများနှင့် လူ့အသိုင်းအဝိုင်းများ အကြား ပိုမို အဆင်ပြေအောင် နေထိုင်ကြရမည် ဖြစ်သည်။
ပြောင်းလဲလာသော လူသားချင်းစာနာမှုဆိုင်ရာ အခင်းအကျင်းသည် နောက်ဆုံးတွင် အာရှအနေဖြင့် ယခင်ကတည်းက ရှိခဲ့သော ချစ်ကြည်ရေးနှင့် စာနာမှု ပုံစံများကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
ဒေသတွင်း ထောက်ပံ့မှုများသည် အိမ်နီးချင်းဆက်ဆံရေး၊ ဘာသာရေး သို့မဟုတ် ဒေသတွင်း ဆက်ဆံရေးများတွင် အမြစ်တွယ်နေလေ့ရှိကြောင်း Matheou က ပြောသည်။ စိန်ခေါ်မှုမှာ အဆိုပါ ကတိကဝတ်များကို အလှမ်းဝေးသော အကျပ်အတည်းများအထိ တိုးချဲ့ရန်နှင့် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာကြာအောင် ထိန်းသိမ်းထားရန်ပင် ဖြစ်သည်။ ယင်းတို့တွင် ဒုက္ခသည်စခန်းများ ကူညီစောင့်ရှောက်ခြင်းမှစ၍ ပဋိပက္ခ သို့မဟုတ် ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ကျန်းမာရေးစနစ်များကို ပြန်လည်ထူထောင်ခြင်းအထိ ပါဝင်သည်။
“ကမ္ဘာ့အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ဟာ မကူညီနိုင်တဲ့ သူတွေမဟုတ်ဘူးဆိုတာ စေတနာရှင်တွေ၊ ကျောင်းတွေ၊ ပြည်သူတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေဆီ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ လိုပါတယ်။ ကမ္ဘာ့အကျပ်အတည်းတွေကို အမြဲတမ်း မဖြေရှင်းနိုင်ရင်တောင် အသက်အန္တရာယ်နဲ့ ဂုဏ်သိက္ခာကို ကျွန်တော်တို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကို အားလုံးက ဝိုင်းဝန်း ပံ့ပိုးသင့်ပါတယ်။ ဒါဟာ ဒေသတစ်ခုတည်းအတွက် မဟုတ်ဘဲ လူသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref : CNA
