◾ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၅၄၀၀၀၀ ကျော်သာရှိပြီး ဘင်္ဂါလီတစ်သန်းကျော် ထွက်ပြေးဟု ပြောဆိုမှုများ မှားယွင်းဟုပါ ပြော
◾ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူများ စာရင်းအဖြစ် ၈၂၈၈၂၄ ဦး စာရင်းပေးပို့ခဲ့ရာ ၄၂၆၅၄၅ ဦးအား စိစစ်ခဲ့ပြီးဖြစ်ပြီး စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက် အထားတွေ့ရှိသူ ၃၀၈၇၉၇ ဦးနှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄၂၄၁ ဦးသာ တွေ့ရှိ
သတိုး
၁၅. ၈. ၂၀၂၆
ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ရှင်းလင်း အသိပေးသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိစခန်းများတွင် နေထိုင်လျက်ရှိသူများနှင့် ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ ပုံဖော်ရေးသားလျက် ရှိကြသည်။ ယင်းသို့ ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ်အခြေခံလျက် တစ်ဖက်စောင်းနင်း ရေးသားပြောဆိုနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ကို ရှင်းလင်း ဖော်ပြလိုသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှင်းလင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်သည့် အဖြစ်မှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင်နက်တိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက် မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်က အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရသည်။ အာဆာ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တိုက်ခိုက်မှုကြောင့်ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ ထွက်ပြေးကြရပြီး ဘင်္ဂါလီ အမြောက်အမြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသီးသီး နေရပ်စွန့်ခွာ သွားခဲ့ခြင်းဖြစ်ပါသည်။
မှတ်တမ်းများအရ အာဆာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် မတိုင်မီ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ရှိ ဘင်္ဂါလီ လူဦးရေမှာ ၇၄၀၀၀၀ ကျော်ရှိခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ လူဦးရေ၂၀၀၀၀၀ ကျော် ကျန်ရှိနေထိုင်လျက်ရှိသဖြင့်၊ ဘင်္ဂါလီလူဦးရေ ၅၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းစိစစ်ချက်အရ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ (၁)သန်းကျော်ရှိသည်ဟု ပြောကြားနေမှုများမှာ မှားယွင်း ကြောင်း ထင်ရှားသည်။
မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်လအတွင်း၌ နှစ်နိုင်ငံသဘောတူစာချုပ် (၃)ခု ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်များနှင့်အညီ လက်ခံရန် ၂၃-၁-၂၀၁၈ ရက်တွင်တစ်ကြိမ်၊ ပူးတွဲလုပ်ငန်းအဖွဲ့ သဘောတူညီချက်အရ ၁၅-၁၁-၂၀၁၈ ရက်တွင် တစ်ကြိမ်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်၏အကြောင်း ကြားချက်အရ ၂၂-၈- ၂၀၁၉ ရက်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် စီစဉ်စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည်ဝင်ရောက်ခဲ့ခြင်းမရှိခဲ့ချေ။
ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ နေရပ်စွန့်ခွာသူများ စာရင်းအဖြစ် လူဦးရေအမည်စာရင်း ၈၂၈၈၂၄ ဦး ပေးပို့ခဲ့ရာ၊ ၃၁-၇-၂၀၂၆ ရက်အထိ အမည်စာရင်း ၄၂၆၅၄၅ ဦးအား စိစစ်ခဲ့ပြီးဖြစ်သည်။ စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၃၀၈၇၉၇ ဦး၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄၂၄၁ ဦးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြောင်း အထောက်အထား မတွေ့ရှိရသူ ၁၁၃၅၀၇ ဦး စိစစ်တွေ့ရှိရသည်။

သို့ဖြစ်၍ ယင်းကိန်းဂဏန်းများအရ ဘင်္ဂလားဒေ့ရှ် စခန်းများတွင် နေထိုင်သူအားလုံးအား မြန်မာနိုင်ငံမှ လာရောက်သူဟု စွပ်စွဲပြောဆိုချက် များအပေါ်စိုးရိမ်မကင်းဖြစ်မိသည်။ အလားတူပင် လှေစီးဒုက္ခသည်များနှင့် အခြားနိုင်ငံများသို့ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် ရောက်ရှိနေသူများကို မြန်မာနိုင်ငံမှဟု စွပ်စွဲဖော်ပြနေခြင်းများအား ပြတ်သားစွာ ကန့်ကွက်သည်။
မြန်မာနိုင်ငံတွင် ၁၉၇၈၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်များက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အထောက်အထားစစ်ဆေးစိစစ်သည့် လုပ်ငန်းစဉ်များကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာခဲ့သူဘင်္ဂါလီများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံသဘောတူညီချက်များဖြင့် အောင်မြင်စွာ ပြန်လည်လက်ခံနိုင်ခဲ့သည်။ နေရပ်စွန့်ခွာသူများကို ၁၉၇၈-၁၉၇၉ ခုနှစ်များအတွင်း ၁၈၆၉၆၈ ဦး၊ ၁၉၉၂-၂၀၀၅ ခုနှစ်များအတွင်း ၂၃၆၄၉၅ ဦး ပြန်လည်လက်ခံခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် အမှန်တကယ်နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံနိုင်ရန် စိတ်ဆန္ဒမှန်ဖြင့် ကြိုးပမ်းခဲ့ရာ ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် လက်ခံနိုင်ရေး ရခိုင်ပြည်နယ်သို့ ဖိတ်ကြားရှင်းလင်းသည့် Come-and-See ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် Go-and-Talk ခရီးစဉ် (၂)ကြိမ် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် မျက်မြင်စစ်ဆေးခြင်း ခရီးစဉ် (၂)ကြိမ်၊ Pilot Project အတွက် ပြင်ဆင် ထားမှုကို သံတမန်များအားပြသသည့် ခရီးစဉ် (၂)ကြိမ် ဆောင်ရွက်ခဲ့သည်။

မြန်မာအစိုးရမှ စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း စိတ်ဓာတ်အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့် ကိစ္စဖြစ်ပြီး၊ နိုင်ငံတကာပြဿနာအဖြစ် လွဲမှားစွာ ပုံဖော်နေမှုအပေါ် စိတ်မသက်မသာ ဖြစ်ရသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့်လည်း အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
