၁၄.၈.၂၀၂၆
Written by Linn Eain
ရွှေတိဂုံစေတီတော်တွင် မြေပိုမြေလွတ်မရှိသည့် အတွက် အငှားယာဉ်တက္ကစီများနားနေရန် ယာဉ်ရပ်နားကွင်းတိုးချဲ့ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် တက္ကစီယာဉ်ဝင်ခ ပေးဆောင်ရခြင်းနှင့် ပတ်သက်၍ ဂေါပကနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ဩဂုတ် ၁၄ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဖြေကြားခဲ့သည်။
လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးစံကျော်၏ ” ရွှေတိဂုံဘုရားမုခ်ဦး(၄)ခုရှိ ဘုရား ပရဝဏ်အတွင်း ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ် (Taxi)များ ယာဉ်ရပ်နားနိုင်ရန် ယာဉ်ရပ်နားကွင်းများအား တိုးချဲ့ပေးရန်နှင့် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ပေးရေး” နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းအား ဦးနေလင်းထွန်းက ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



“လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ၊ ကျွန်တော်တို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဝတ္တကံမြေဟာ ၁၁၄ ဧက ရှိပါတယ်။ ဒီထဲမှာ ဘုရားစေတီ၊ သာသနိကအဆောက်အဦ၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဝိနည်း၊ လင်္ကန်း၊ သိန်ဂုတ္တရ ကန်တော်နှင့် ပန်းခြံ၊ မာရဝိဇယစခန်းကြီးများအတွက် ၁၁၁ ဒသမ ၆၉ ဧက အသုံးပြုထားပါတယ်။ မုခ်ဦး လေးပေါက်နှင့် ကားရပ်နားရာ ၄ နေရာအတွက် ၂ ဒသမ ၃၁ ဧက စနစ်တကျ အကွက်ပုံဖော်ပြီးတော့ တည်ဆောက်ထားပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့ အဆောက်အဦ မြေနေရာနှင့် ပြည့်နှက်နေပြီးတော့ မြေပိုမြေလွတ် မရှိသည့်အတွက် အငှားယာဉ် တက္ကစီများ နားနေရန်အတွက် ယာဉ်ရပ်နားခွင့် တိုးချဲ့ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် လုံခြုံရေးအတွက် CCTV ကင်မရာ မြေပြင်မှာ ၄၀၀ လုံး တပ်ဆင်ထားပြီးတော့ ထပ်မံတပ်ဆင်ရန် ၂၅၀ လုံး တပ်ဆင်ပြီးပါက စုစုပေါင်း CCTV ကင်မရာ ၆၅၀ လုံး တပ်ဆင်ပြီးမှာ ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့နောက် လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးစံကျော်က တက္ကစီများမှ ယာဉ်ရပ်နား၍ မရသည့်အတွက် ယာဉ်ဝင်ခကို အခမဲ့ခွင့်ပြုပေးစေချင်ကြောင်း ဆက်စပ်ပြောကြားခဲ့သည်။
“အများပြည်သူအတွက် ကျွန်တော် တင်ပြခြင်း ဖြစ်ပါတယ်။ အဲ့တော့ အငှားယာဉ်တွေ ဝင်လာရင် အခမဲ့ ခွင့်ပြုပေးဖို့ပါ။ သူက တင်ချပြီးတာနဲ့ ရပ်စရာနေရာ မရှိတဲ့အတွက် သူက ထွက်သွားမှာ ဖြစ်ပါတယ်။ ဖြစ်တဲ့အတွက် တက္ကစီငှားတဲ့ ပြည်သူကပဲ ယာဉ်ဝင်ခကိုဆောင်ရတာ ဖြစ်ပါတယ်။ ဒါလေးတော့ အခမဲ့ ခွင့်ပြုမယ်ဆိုရင် ပိုပြီးတော့ သင့်တော်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆလို့ တင်ပြရခြင်းဖြစ်ပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောကြားခဲ့သည်။
အဆိုပါ ဆက်စပ်ပြောကြားမှုကို တိုင်းဒေသကြီးဝန်ကြီး ဦးနေလင်းထွန်းက ” အငှား အက္ကစီယာဉ် အငှားနှင့်ပတ်သက်ပြီးတော့ ဟိုဟာ ကျွန်တော်တို့ သက်ဆိုင်ရာ ဂေါပက၊သက်ဆိုင်ရာကို ကျွန်တော် ဂေါပကနှင့် ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိကို ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
