နေမိုး
၁၄. ၈. ၂၀၂၆
နေအိမ်တွင် ရှိနေသည့် လက်နက်မဲ့အမျိုးသားကြီးတစ်ဦးကို ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည့် ပဲခူး PDF နှစ်ဦးက ဒလန်ဟု သမုတ်ကာ သေနတ်ဖြင့် ပစ်သတ်သွားမှု အုတ်ဖိုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဦးဖိုးထူး(ခ)ဦးစိုးသန်း(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဖိုးထူး(ခ)ဦးစိုးသန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် လက်နက်မဲ့ပြည်သူများကို PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
