◾️ မိခင်ကျန်းမာရေးမကောင်း၍ အမိနိုင်ငံပြန်မည့် မြန်မာအိမ်အကူအတွက် အသွားအပြန် လေယာဉ်လက်မှတ် ဝယ်ပေးခဲ့သော်လည်း လေဆိပ်ရောက်ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့်အဖြစ်ကို ဖွင့်ချလာသည့် စင်ကာပူအလုပ်ရှင်
သက်တံ့
၁၄. ၈. ၂၀၂၆
စင်ကာပူနိုင်ငံမှ အသက် ၃၇ နှစ်အရွယ် အလုပ်ရှင်အမျိုးသမီးတစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်မည့် သူမ၏ အိမ်အကူအတွက် အသွားအပြန် လေယာဉ်လက်မှတ် ဝယ်ယူပေးခဲ့သော်လည်း လေဆိပ်သို့ ရောက်ရှိပြီးနောက် အိမ်အကူဖြစ်သူမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။
မစ္စ အိန်ဂျလင်း လင်း (Ms . Angeline Lim) အမည်ရှိ စင်ကာပူနိုင်ငံတွင်နေထိုင်သူအမျိုးသမီးက အဆိုပါ အတွေ့အကြုံကို သူမ၏ Instagram စာမျက်နှာတွင် ပို့စ်တင်ခဲ့ပြီး အခက်ခဲဆုံးအပိုင်းမှာ အိမ်အကူ ထွက်ခွာသွားခြင်း မဟုတ်ကြောင်းလည်း ဖော်ပြခဲ့သည်။
ဩဂုတ်လ ၁၁ ရက်နေ့တွင် Mothership သတင်းဌာနသို့ ပြောကြားချက်အရ မစ္စလင်းသည် အဆိုပါ အိမ်အကူ၏ အလုပ်လုပ်ခွင့်ပါမစ် (Work Permit) ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းနှင့် အိမ်အကူအသစ်တစ်ဦး ငှားရမ်းရန် စီစဉ်နေကြောင်း သိရသည်။
လေယာဉ်ထွက်ခွာမည့်နေ့တွင် လေဆိပ်သို့ ရောက်မရောက် မေးမြန်းခဲ့ရာ ရောက်ရှိပြီဖြစ်ကြောင်း အိမ်အကူက အကြောင်းပြန်ခဲ့ပြီးနောက် မစ္စလင်းအနေဖြင့် ၎င်းထံမှ မည်သည့်အကြောင်းပြန်မှုကိုမျှ ထပ်မံမရရှိတော့ပေ။
◾️ အိမ်အကူ နှစ်ဦးထားရှိရသည့် မိသားစု
ကလေး ၃ ဦး၏ မိခင်ဖြစ်သူ မစ္စ လင်းက မိသားစုတွင် ၅ လခန့် အလုပ်လုပ်ခဲ့သည့် အိမ်အကူနှစ်ဦးအနက် တစ်ဦးမှာ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် နေရပ်သို့ ပြန်ချင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ပို့စ်တွင် ဖော်ပြထားသည်။


ကလေးငယ် ၃ ဦးရှိသည့်အတွက် အိမ်အကူနှစ်ဦးအား တာဝန်ခွဲဝေပေးထားခြင်းဖြစ်သည်။ အိမ်အကူတစ်ဦးက အငယ်ဆုံးကလေးငယ်ကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူထားပြီး မြန်မာနိုင်ငံသို့ ပြန်ချင်သည့် အိမ်အကူက ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ယူထားသည်။
မစ္စ လင်းက ၎င်း၏ ခင်ပွန်းဖြစ်သူ၏ အလုပ်မှာ အာရုံစိုက်မှု အပြည့်အဝလိုအပ်ပြီး ၎င်းအနေဖြင့် ခင်ပွန်းဖြစ်သူ အလုပ်အပေါ် အာရုံစိုက်နိုင်ရန် ကူညီပေးရကြောင်း၊ သို့ဖြစ်ရာ အိမ်ထောင်ထိန်းသိမ်းရေးနှင့် ကလေး ၃ ဦး၏ အချိန်ဇယားများကို စီမံခန့်ခွဲရသည့် ဝန်ထုပ်ဝန်ပိုးမှာ သူမ၏ ပုခုံးပေါ်သို့ အဓိက ကျရောက်လာကြောင်း ရေးသားထားသည်။
“ကျွန်မ အလုပ်လုပ်နိုင်ဖို့၊ ကုန်ခြောက်တွေ စီမံနိုင်ဖို့၊ ကလေးတွေကို ကျောင်း ကြို/ပို့ လုပ်နိုင်ဖို့နဲ့ ကလေး ၃ ယောက်စလုံးအတွက် အချိန်ပေးနိုင်ဖို့အတွက် ချက်ပြုတ်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ အဝတ်လျှော်တာတွေကို အိမ်အကူနဲ့ လွှဲထားတာဖြစ်ပါတယ်”ဟု မစ္စ လင်းက ပြောသည်။
◾️ ကျန်းမာရေးမကောင်းသည့် မိခင်ထံ ပြန်လိုခြင်း
အိမ်ပြန်လိုသည့် အိမ်အကူဖြစ်သူ ပေးပို့ခဲ့သည့် စာတွင် “ကျွန်မ မနေချင်တော့ပါဘူး။ အိမ်ပြန်ပြီး မေမေ့ကို ပြုစုချင်ပါတယ်။ မေမေ ငိုနေတာကို ကျွန်မ မကြည့်ရက်ပါဘူး။ မေမေ့မှာ တစ်ခုခုဖြစ်ရင် ကျွန်မ သေသွားနိုင်ပါတယ်။ အိမ်ပြန်ပြီး မေမေ့ဘေးမှာပဲ နေချင်ပါတယ်။ အန်တီ လေယာဉ်လက်မှတ် မဝယ်ပေးရင်လည်း ကျွန်မဘာသာ ဝယ်ပါ့မယ်” ဟု ရေးသားထားသည်။
ဆရာဝန်တစ်ဦးဖြစ်သည့် မစ္စ လင်း၏ ခင်ပွန်းက ဆေးမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေမျိုး မဟုတ်ကြောင်း သုံးသပ်ခဲ့သည်။


သို့သော် မိသားစုနှင့်အတူ ရှိချင်သည့် ၎င်း၏ ဆန္ဒကို နားလည်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း မစ္စ လင်းက ဆိုသည်။
ကျန်ရှိသည့် အိမ်အကူက သန့်ရှင်းရေးလုပ်ငန်းများကို ကူညီပေးမည်ဖြစ်ပြီး ချက်ပြုတ်ခြင်းနှင့် ကလေးထိန်းခြင်း တာဝန်များကို ၎င်းတို့အချင်းချင်း ခွဲဝေယူခြင်းဖြင့် ယာယီအားဖြင့် အဆင်ပြေအောင် စီစဉ်နိုင်မည်ဟု ယုံကြည်ခဲ့ကြောင်း မစ္စ လင်းက ပြောသည်။
◾️ စင်ကာပူသို့ ပြန်လာမည်ဟု လိမ်လည် ပြောဆိုခဲ့
သို့သော် မစ္စ လင်းအနေဖြင့် အိမ်အကူဖြစ်သူ စင်ကာပူသို့ ပြန်လာမည်၊ မပြန်လာမည်ကို အတည်ပြုရန် လိုအပ်ခဲ့သည်။
အပြန်လက်မှတ် မဝယ်ယူမီ မစ္စ လင်းက “အပြီးပြန်မှာလား၊ ဒါမှမဟုတ် ပြန်လာမှာလား” ဟု တိုက်ရိုက်မေးမြန်းခဲ့သည်။ မည်သည့်အဖြေဖြစ်စေ အစီအစဉ်ဆွဲနိုင်ရန်အတွက် အမှန်အတိုင်း သိရှိရန်သာ လိုအပ်ကြောင်းလည်း ၎င်းက ရေးသားထားသည်။
အိမ်အကူဖြစ်သူက စင်ကာပူသို့ ပြန်လာမည်ဟု ပြောဆိုခဲ့သဖြင့် မစ္စ လင်းက စင်ကာပူဒေါ်လာ ၄၃၇ ဒသမ ၄၀ တန်ဖိုးရှိ အသွားအပြန် လေယာဉ်လက်မှတ်ကို ဝယ်ယူပေးခဲ့သည်။
◾️ အပြန်လေယာဉ် မစီးနင်းတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားခဲ့
အိမ်အကူအား အပြန်ခရီးအတွက် လေယာဉ်စီးရန် စကင်ဖတ် (Check-in) ဝင်ခိုင်းစဉ်တွင် “ကျေးဇူးပါ အန်တီ” ဟု အကြောင်းပြန်ခဲ့သော်လည်း ထို့နောက်ပိုင်း ပေးပို့ခဲ့သည့် စာများကိုမူ အကြောင်းပြန်ခြင်း မရှိတော့ကြောင်း စာတိုပေးပို့မှု စခရင်ရှော့အရ သိရသည်။
Stomp သတင်းဌာနသို့ မစ္စ လင်း ပြောကြားချက်အရ အိမ်အကူသည် အပြန်လေယာဉ်ကို စီးနင်းခဲ့ခြင်း မရှိကြောင်း သိရသည်။
အိမ်အကူ မပြန်လာတော့မည်ကို ကြိုတင်ခန့်မှန်းထားပြီး အစားထိုးရန် အိမ်အကူအသစ် ရှာဖွေနေသော်လည်း အသုံးမပြုလိုက်ရသည့် အပြန်လေယာဉ်လက်မှတ်အတွက် ပိုက်ဆံကုန်ကျခဲ့ရခြင်းမှာ “နှမြောစရာကောင်းသည်” ဟု မစ္စ လင်းက ဆိုသည်။
မထွက်ခွာမီ အိမ်အကူ၏ စိတ်အခြေအနေမှာ “အဆင်ပြေပုံရသည်” ဟုလည်း မစ္စ လင်းက Stomp သို့ ပြောခဲ့သည်။
“သူ ထွက်သွားဖို့ ရွေးချယ်ခဲ့တာကို ကျွန်မ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ သူ လိမ်ညာဖို့နဲ့ စေတနာကို အလွဲသုံးစားလုပ်ဖို့ ရွေးချယ်ခဲ့တာကိုပဲ စိတ်ပျက်ရတာပါ။ အကယ်၍ သူသာ အမှန်အတိုင်း ပြောခဲ့ရင် ဘယ်တော့မှ စီးမှာမဟုတ်တဲ့ အပြန်လေယာဉ်လက်မှတ်အတွက် ပိုက်ဆံကုန်မှာ မဟုတ်ပါဘူး” ဟု မစ္စ လင်းက ၎င်း၏ Instagram ပို့စ်တွင် ရေးသားထားသည်။
Ref : Asia One & Mothership
