သတိုး
၁၃. ၈. ၂၀၂၆
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ငါးနှစ်က ဖြစ်ပွားခဲ့သော အာဏာအငြင်းပွားမှုကို ဆန့်ကျင်သည်ဟုဆိုကာ အကြမ်းဖက် NUG ဘက် ကူးပြောင်းခဲ့မှုကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဗြိတိန်ရှိ မြန်မာသံအမတ်ကြီးနေအိမ်မှ ထွက်ခွာရန် ငြင်းဆန်ပြီး ဆက်လက်နေထိုင်ခဲ့သဖြင့် ဗြိတိန်အစိုးရ၏ “သံအမတ်ကြီးနေအိမ်တွင် ကျူးကျော်နေထိုင်မှု” တရားစွဲဆိုခံထားရသည့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ကျော်စွာမင်းသည် ဗုဒ္ဓဟူးနေ့က လန်ဒန်တရားရုံးတစ်ခု၌ တရားရုံးတင်စစ်ဆေးမှု ခံခဲ့ရသည်။

အသက် ၆၈ နှစ်အရွယ် သံအမတ်ကြီးဟောင်း ကျော်စွာမင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာထိန်းသိမ်းပြီး လအနည်းငယ်အကြာတွင် လန်ဒန်ရှိ မြန်မာသံရုံးအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ နောက်ပိုင်းတွင် အာဏာရမြန်မာအစိုးရ၏ ကိုယ်စားလှယ်များနှင့် အစားထိုးခြင်းခံခဲ့ရသော်လည်း ကျော်စွာမင်းသည် လန်ဒန်အနောက်မြောက်ပိုင်းရှိ သံအမတ်ကြီး၏ တရားဝင်နေအိမ်ဖြစ်သော မြန်မာဟောက်စ် (Myanmar House) တွင် ဆက်လက်နေထိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မေလနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအကြား ကျူးကျော်နေထိုင်မှုဖြင့် လွန်ခဲ့သည့်နှစ်က ဗြိတိန်အစိုးရ၏ တရားစွဲဆိုမှုကို ခံခဲ့ရခြင်းဖြစ်သည်။
တရားရုံးတွင် ကျော်စွာမင်းက မြန်မာအစိုးရသည် တရားမဝင်ကြောင်းနှင့် မိမိအား ယင်းအဆောက်အအုံမှ ထွက်ခွာရန် တောင်းဆိုပိုင်ခွင့် မရှိကြောင်း ထုချေထားပြီး ပြစ်မှုမရှိကြောင်း လျှောက်လဲခဲ့သည်။ သို့သော် တရားလိုပြရှေ့နေများကမူ ကျော်စွာမင်း၏ သံအမတ်ကြီးရာထူးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စနစ်တကျ ရုပ်သိမ်းခဲ့ပြီးဖြစ်၍ ယင်းစွပ်စွဲချက်အပေါ် ၎င်းအနေဖြင့် ခုခံချေပနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖြစ်စဉ်ဖြစ်ပွားအပြီး မကြာမီတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကျော်စွာမင်းအား သံအမတ်ကြီးရာထူးမှ ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံတော်ပိုင်ပစ္စည်းများကို ၂၀၂၁ ခုနှစ် ဧပြီလလယ်တွင် လွှဲပြောင်းပေးရန် ညွှန်ကြားခဲ့ကြောင်း တရားလိုပြရှေ့နေ လူဝိစ် အုတ်ကလီ (Louise Oakley) က ပြောကြားစဉ် ကျော်စွာမင်းသည် ဝက်စမင်းစတာ မက်ဂျစ်စထရိတ် တရားရုံး၏ တရားခွင်အတွင်း ထိုင်ပြီး နားထောင်နေခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးရုံးကလည်း ကျော်စွာမင်းအား သံအမတ်ကြီးနေအိမ်မှ ထွက်ခွာရန် အကြောင်းကြားခဲ့သော်လည်း ၎င်းက လိုက်နာခဲ့ခြင်းမရှိပေ။

တရားလိုပြရှေ့နေ အုတ်ကလီက “သံအမတ်ကြီးအဖြစ် မြန်မာဟောက်စ်မှာ နေထိုင်ခွင့် ရရှိခဲ့ပေမဲ့ ရာထူးကနေ ဖယ်ရှားခံရပြီးတဲ့နောက် သံတမန်နယ်မြေကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တာကြောင့် သံတမန်နယ်မြေ ကျူးကျော်ဝင်ရောက်မှု ပြစ်မှုဆိုင်ရာမှာ ပြစ်မှုထင်ရှားပါတယ်” ဟု တရားရုံးသို့ တင်ပြခဲ့သည်။
ကျော်စွာမင်း၏ ရှေ့နေ ဒေးဗစ် ပယ်ရီ (David Perry) ကမူ အာဏာထိန်းသိမ်းပြီးနောက် တက်လာသည့် မြန်မာအစိုးရမှာ တရားမဝင်သဖြင့် ၎င်း၏အမှုသည်အား သံတမန်နေအိမ်တွင် နေထိုင်ခွင့် ရုပ်သိမ်းပိုင်ခွင့် မရှိသလို အဆောက်အအုံကိုလည်း တရားဝင် သုံးစွဲနိုင်ခြင်း မရှိကြောင်း လျှောက်လဲခဲ့သည်။ သို့သော် ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံအများစုက တရားဝင် အသိအမှတ်မပြုသေးသည့် မြန်မာအစိုးရအပေါ် ကျော်စွာမင်း၏ နိုင်ငံရေးရပ်တည်ချက်နှင့် အယူအဆသည် ခုခံချေပချက် ဖြစ်မလာနိုင်ကြောင်း တရားလိုပြရှေ့နေများက တုံ့ပြန်ခဲ့သည်။
အုတ်ကလီက သံအမတ်ကြီးအဖြစ် သံအမတ်ကြီးနေအိမ်တွင် နေထိုင်ခွင့်ကို နည်းလမ်းတကျ ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်းနှင့် “ဒီတရားခံဟာ အာဏာထိန်းသိမ်းမှုရဲ့ ရလဒ်နဲ့ မြန်မာနိုင်ငံမှာ အစိုးရဖွဲ့စည်းမှုကို အသိအမှတ်မပြုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ခုခံချေပမှုနဲ့ ဆက်စပ်မှု မရှိဘူးလို့ ကျွန်မတို့ တင်ပြပါတယ်” ဟု ပြောဆိုခဲ့သည်။
ကျော်စွာမင်းအပေါ် ဗြိတိန်အစိုးရ၏ တရားစွဲဆိုစစ်ဆေးမှုများကို လန်ဒန်တရားရုံးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Ref : Reuters & First Post

