သက်တံ့
၁၃ . ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်အကူးအပြောင်း (Transit) စောင့်ဆိုင်းနေစဉ်အတွင်း မလေးရှားနိုင်ငံသား ခရီးသည်တစ်ဦး လဲကျသွားခဲ့ပြီးနောက် နှလုံးရပ်တန့်ကာ ကွယ်လွန်သွားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernama က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါ အမျိုးသားကို လေဆိပ်မှ ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း တနင်္လာနေ့ နံနက်စောစောပိုင်းတွင် ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မလေးရှားသတင်းဌာနက ပြောကြားခဲ့သည်။
၎င်းသည် မိသားစုနှင့်အတူ ကွာလာလမ်ပူမှ ဟော့ကိုင်းဒိုးသို့ သွားရောက်ရန် ကွာလာလမ်ပူမှ ထွက်ခွာလာခြင်းဖြစ်ပြီး သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာမည့် လေယာဉ်ကို စောင့်ဆိုင်းနေကြစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်သူ၏ အမည်၊ တက်ရောက်ခဲ့သည့် ဆေးရုံနှင့် စီးနင်းခဲ့သည့် လေကြောင်းလိုင်း အမည်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အသက် ၅၃ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားသည် မလေးရှားနိုင်ငံ Kedah ပြည်နယ်ဇာတိဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Wan Zaidi Wan Abdullah က ကွယ်လွန်သူ၏ မိသားစုဝင်များသည် ရုပ်ကလာပ်ကို လွှဲပြောင်းရယူခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ဆောင်ခလာခရိုင်၊ ဆာဒါးအို (Sadao) နယ်စပ်ဂိတ်မှတစ်ဆင့် မလေးရှားနိုင်ငံ၊ Kedah ပြည်နယ်သို့ ကုန်းလမ်းဖြင့် ပြန်လည်သယ်ဆောင်သွားခဲ့ကြကြောင်း Bernama သို့ ပြောကြားခဲ့သည်။
Ref : Bangkok Post
