၁၃.၈.၂၀၂၆
Translated by Htwe Ko Tun
ဇင်ဘာဘွေနိုင်ငံရှိ ကာရီဘာရေကန်တွင် ကူးတို့သင်္ဘောတစ်စင်း သြဂုတ်လ ၁၁ ရက်က တိမ်းမှောက်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက်သည် ၄၄ ဦးအထိ ရှိလာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဇင်ဘာဘွေနိုင်ငံ၏ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ကူးတို့သင်္ဘောတိမ်းမှောက်မှုတွင် လူ ၇၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ နိုင်ငံပိုင်ရုပ်သံ ZBC News က သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
ဇင်ဘာဘွေနှင့် ဇမ်ဘီယာနိုင်ငံကြား နယ်စပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရေကန်မှ အလောင်းများကို ပြန်လည်ဆယ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့က X လူမှုကွန်ရက်တွင် ရေးသားခဲ့သော်လည်း ဒဏ်ရာရရှိသူ သို့မဟုတ် ပျောက်ဆုံးသူ မည်မျှရှိသည်ကို နောက်ဆုံးအခြေအနေ ဖော်ပြခြင်း မရှိသေးပေ။

လေပြင်းတိုက်ခတ်နေစဉ် တိမ်းမှောက်သွားချိန်၌ သင်္ဘောက လူအလွန်အကျွံတင်ဆောင်ထားသည်ဟု စုံစမ်းစစ်ဆေးမှုများက ညွှန်ပြနေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ သင်္ဘောသားနှစ်ဦးအနက် တစ်ဦးဖြစ်သည့် ချမ်ဘာတီက “ကျွန်တော်တို့ထဲက တချို့က နစ်မြုပ်နေတဲ့ သင်္ဘောကိုယ်ထည်ပေါ်မှာ ရပ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်” ဟု ပြောကြားခဲ့သည်။
၎င်းက ZBC သို့ ပြောကြားရာတွင် “သင်္ဘောနစ်မြုပ်မသွားခင်မှာ ခရီးသည်တွေက ကျွန်တော်တို့ကို ရေလျှံနေတယ်လို့ အော်ဟစ်ပြောကြတယ်။ ကြည့်လိုက်တော့ ရေတွေက အင်ဂျင်ခန်းထဲကို စီးဝင်လာပြီး ပစ္စည်းတွေ ထွက်လာတာတွေ့ရတယ်” ဟု ပြောကြားခဲ့သည်။
အာဏာပိုင်များ၏ အဆိုအရ သင်္ဘောက လူ ၉၀ တင်ဆောင်နိုင်ကြောင်း သိရသည်။ သို့သော် လက်မှတ်ရောင်းချမှုကို တာဝန်ယူခဲ့သူ ချမ်ဘာတီက မတော်တဆမှုမဖြစ်မီ သင်္ဘောသားများနှင့် ကလေးငယ်များ အပါအဝင် သင်္ဘောပေါ်၌ လူ ၁၅၃ ဦး လိုက်ပါလာကြောင်း ပြောကြားခဲ့သည်။
လေပြင်းတိုက်၍ လှိုင်းများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ခရီးသည်များက ကပ္ပတိန်အား နောက်ပြန်လှည့်ရန် တိုက်တွန်းခဲ့သော်လည်း ထွက်ခွာသွားခဲ့ကြောင်း မျက်မြင်သက်သေများစွာက နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
ရေများ သင်္ဘောထဲသို့ တက်လာသောအခါ ထိတ်လန့်နေသော ခရီးသွားများသည် ၎င်းတို့၏ ထိုင်ခုံများအောက်တွင် အသက်ကယ်အင်္ကျီများကို လုယူခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ကပ္ပတိန်သည် သေဆုံးသူများထဲတွင် ပါဝင်ကြောင်း နိုင်ငံပိုင် Herald သတင်းစာက ဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက ရေထဲမှ ဆွဲထုတ်လာသူများကို ရေအောက်ရှာဖွေရေးအဖွဲ့၏ အကူအညီဖြင့် ရေကန်ပေါ်ရှိ ကျွန်းငယ်လေးတစ်ခုဖြစ်သော Long Island သို့ ပို့ဆောင်ခဲ့သည်။
သမ္မတ အမ်မာဆန် မနန်ဂတ်ဝါက ယင်းဖြစ်ရပ်ကို အမျိုးသားကပ်ဘေးအခြေအနေအဖြစ် ကြေညာခဲ့သည်။
ကာရီဘာရေကန်သည် ထုထည်အားဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လူလုပ်ရေကန်ဖြစ်ပြီး အရှည် ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ) နှင့် အကျယ် ၂၅ မိုင် (၄၀ ကီလိုမီတာ) အထိ ရှိသည်။
၎င်းကို ၁၉၅၀ ပြည့်လွန်နှောင်းပိုင်းနှစ်များနှင့် ၁၉၆၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် ဇမ်ဘီဇီမြစ်ကို ပိတ်ဆို့ရန် ဆည်ရေကာတာနံရံတစ်ခု တည်ဆောက်ခြင်းဖြင့် ဖန်တီးခဲ့ပြီး ထိုနေရာရှိ ချိုင့်ဝှမ်းတစ်ခုက ရေဖြင့် တဖြည်းဖြည်းပြည့်လာပြီး ဧရာမရေကန်ကြီးတစ်ခု ဖြစ်လာစေခဲ့ခြင်းဖြစ်သည်။
Ref: Sky News

