၁၃.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးတွင် မီးပွိုင့် ၃၅၇ ပွိုင့်ရှိပြီး မည်သည့်မီးပွိုင့်မဆို မီးပျက်ပါက ယာဉ်ထိန်းရဲ တာဝန်ချထားကာ ယာဉ်လမ်းရှင်းလင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီး အကြောင်းမဲ့တာဝန် ပျက်ကွက်လျှင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဩဂုတ် ၁၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်အဝေး ပထမနေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကြယ်ပွင့်ပြမေးခွန်းအား ဖြေကြားချိန် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မီးပွိုင့်များမှ Traffic Light Countdown Timer စနစ်ကို အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်း၊ တပ်ဖက်၊ အရပ်ဖက်၊ နိုင်ငံတကာဧည့်သည်တော် လမ်းကြောင်းများ ဖြတ်သန်းသည့်အချိန်များတွင်သာ Manual စနစ်အသုံးပြုပြီး ကျန်အချိန်များတွင် Timer စနစ်ဖြင့် Control Center မှ ထိန်းချုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း တိုင်းဒေသကြီး လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီးတွင် မီးပွိုင့်ပေါင်း ၃၅၇ ပွိုင့် ရှိပြီး Countdown Timer စနစ် ပါရှိသည့် မီးပွိုင့် ၁၁၈ ပွိုင့် ရှိပါတယ်။ အရေးကြီးပုဂ္ဂိုလ်နှင့် ဧည့်သည်တော် လမ်းကြောင်းများ၊ မီးပွိုင့်အား ဖြတ်သန်းသွားလာသည့် အချိန်များတွင်သာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ Manual စနစ်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပြီး ကျန်အချိန်များတွင် ယာဉ်သွားလာမှု ပမာဏပေါ်မူတည်၍ သတ်မှတ်ထားသော Traffic Controller ၏ Timing Pattern များအတိုင်း မီးပွိုင့်စနစ်အား ဆောင်ရွက်လျက်ရှိပါတယ်။ မည်သည့် မီးပွိုင့်မဆို မီးပျက်ပါက ယာဉ်ထိန်းရဲ တာဝန်ချထားပြီး ယာဉ်လမ်း ရှင်းလင်း ဆောင်ရွက်ပေးသွားရန် ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ အကြောင်းမဲ့တာဝန် ပျက်ကွက်သည်ကို စစ်ဆေးတွေ့ရှိပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားခဲ့သည်။

ဆက်လက်၍ လုံ/နယ်ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားမှာ ၁၈၅၅ ဦးဖြစ်သော်လည်း လက်ရှိအင်အားမှာ ၈၂၈ ဦးသာရှိသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၀၂၇ ဦး လိုအပ်လျက်ရှိပြီး လစဉ်ရဲတပ်သားသစ် စုဆောင်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားမှာ အရာရှိ ၄၂၈ ဦး၊ အခြားအဆင့် ၁၄၂၇ ဦး၊ စုစုပေါင်း ၁၈၅၅ ဦး ဖြစ်ပြီး လက်ရှိအင်အားမှာ အရာရှိ ၁၄၉ ဦး၊ အခြားအဆင့် ၆၇၉ ဦး၊ စုစုပေါင်း ၈၂၈ ဦး ဖြစ်သောကြောင့် အရာရှိ ၂၇၉ ဦး၊ အခြားအဆင့် ၇၄၈ ဦး၊ စုစုပေါင်း ၁၀၂၇ ဦး လိုအပ်လျက်ရှိသဖြင့် လစဉ် ရဲတပ်သားသစ် တိုးမြှင့် စုဆောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ မရမ်းကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ပြည့်ဖြိုး၏ “ရန်ကုန်မြို့ရှိ အထင်ကရ လမ်းဆုံလမ်းခွများရှိ မီးပွိုင့်များ၊ ယာဉ်သွားလာမှုများပြားသော လမ်းဆုံ လမ်းခွများရှိ မီးပွိုင့်များ ပျက်နေချိန်များအတွင်းယာဉ်များ အဆင်ပြေလွယ်ကူစွာ သွားလာစေရန် သက်ဆိုင်ရာမီးပွိုင့်များအတွက် ယာဉ်လမ်းကြောများ ရှင်းလင်းပေးနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တာဝန်ပေးအပ်ထားမှု ရှိ/မရှိနှင့် ပုံမှန်ကောင်းမွန်လျက်ရှိသည့် Traffic Light Countdown timer စနစ်မီးပွိုင့်များကို Countdown Timer များပိတ်၍ မီးနီခြင်း၊ မီးစိမ်းခြင်းများကို Manual Control လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို လုံ/နယ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


