၁၃.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ စက်မှုလုပ်ငန်းပေါင်း ၈၅၄၁ ခု ခွင့်ပြုထားပြီး ၎င်းဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ဦးစီးဌာနရုံးချုပ်မှ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားခဲ့သည်။
ဩဂုတ် ၁၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်အဝေး ပထမနေ့တွင် စမ်းချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးထင်လင်းကျော်၏ ကြယ်ပွင့်ပြမေးခွန်းအား ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးထင်လင်းကျော်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ်တွင် ပုဂ္ဂလိက စက်မှုလုပ်ငန်းများကို မှတ်ပုံတင်ခွင့်ပေးရာ၌ မည်ကဲ့သို့သော စံနှုန်းသတ်မှတ်ချက်များနှင့် မှတ်ပုံတင်ခွင့်ပြုကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး အရေအတွက် မည်မျှရှိကြောင်းနှင့် ၁၉၉၀ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့် နိုင်ငံတော်မှချမှတ်ထားသော MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတို့နှင့်အညီ လိုက်လျောညီထွေဖြစ်စေရေး ဥပမာ – ချေးငွေနှင့် နည်းပညာထောက်ပံ့ခြင်း၊ ကုန်ကြမ်း၊ စက်နှင့် စက်အရံပစ္စည်းများ ရရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းစသည်ဖြင့် ခေတ်ကာလနှင့် လျှော်ညီသော နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေနိုင်သော ဥပဒေအဖြစ် ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း” ကြယ်ပွင့်ပြမေးခွန်းကို ဒေါက်တာမျိုးသော်က” ပုဂ္ဂလိက စက်မှုလုပ်ငန်းများ မှတ်ပုံတင်ခွင့်ပေးရန် ထောက်ခံချက်ပေးရာမှာ ပုဂ္ဂလိက စက်မှုလုပ်ငန်းရဲ့ ပတ်ဝန်းကျင်မှာ လေးထိုင်နေထိုင်လျက်ရှိတဲ့ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်မှု မရှိခြင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ပတ်ဝန်းကျင်အား အနှောင့်အယှက်မဖြစ်ခြင်းနှင့် ညစ်ညမ်းမှုမရှိခြင်း၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှ အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်မှုမရှိစေခြင်း၊ အန္တရာယ်ကျရောက်နိုင်မှုလည်း မရှိခြင်း၊ တည်ဆဲဥပဒေများကိုလည်း လိုက်နာဆောင်ရွက်မှုရှိခြင်း အချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိပါကြောင်း။ ၂၀၂၆၊ ဇူလိုင် ၃၁ ရက်အထိ ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း စက်မှုလုပ်ငန်းဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပြီး လုပ်ငန်းပေါင်း ၈၅၄၁ ခု ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ၁၉၉၀ ပြည့်နှစ် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ဦးစီးဌာနရုံးချုပ်မှ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသော လုပ်ငန်းများသည် MSME ဥပဒေ သတ်မှတ်ချက်အရ ထုတ်လုပ်မှုကဏ္ဍတွင် အကျုံးဝင်ကြောင်း၊ ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ထားသော လုပ်ငန်းအချို့သည် MSME မန်ဘာကတ်များ ပြုလုပ်ထားပြီး နည်းပညာထောက်ပံ့မှုနှင့် သက်ဆိုင်ရာချေးငွေများ ရရှိလျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
