၁၃.၈.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်းရှိ မိုနာလီဇာတည်းခိုခန်းဘေးတွင် သစ်ကိုင်းကျိုးကျ၍ ရပ်နားထားသည့် Express ယာဉ်ပေါ်သို့ ဓာတ်ကြိုးပြုတ်ကျကာ ဓာတ်လိုက်ခံရသူအမျိုးသား နှစ်ဦးအနက် တစ်ဦးသေဆုံးမှု သြဂုတ်လ ၁၂ရက် ည ၁၀ နာရီ ၃၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်တမာပင်၏ သစ်ကိုင်းမှာ အမြင့်ပေ ၃၀ ခန့်မှ ကျိုးကျ၍ ဗို့အား ၁၁၀၀၀ လိုင်းပေါ် ပြုတ်ကျစဥ် ရပ်နားထားသည့် တက်လမ်း Express ခရီးသည်ယာဥ်တစ်စီးပေါ်သို့ ဓာတ်ကြိုးပြတ်ကျပိမိကာ ကားဝမ်းဗိုက်အတွင်း ထိုင်နေသော ယာဥ်ပေါ်ရှိ အမျိုးသားသုံးဦးအနက် နှစ်ဦးကို ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“ဓာတ်ကြိုးပြတ်ကျလို့ ကားအောက်ပိုင်းတော့ မီးနည်းနည်းလောင်သွားတာ။ တံခါးနားမှာ တစ်ယောက်က မီးနည်းနည်းလောင်ပြီး ဆုံးနေတယ်။ တစ်ယောက်ကတော့ ကားအောက်မှာ လဲနေတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ဓာတ်လိုက်မှုကြောင့် ယာဥ်ကြီးကြပ်ဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဦးသက်နိုင်ဝင်းမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ယာဥ်မောင်း အသက် ၃၈ နှစ်အရွယ် ဦးသက်လင်းအောင်တွင် ညာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်ဖျံပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိကာ အသက်အန္တရာယ်စိုးရိမ်ရသော်လည်း ယာဥ်မောင်း အသက် ၃၉ နှစ်အရွယ် ဦးသက်နိုင်မြင့်မှာ ဒဏ်ရာမရခဲ့ကြောင်း သိရသည်။
ဓာတ်လိုက်မှုဖြစ်ပွားရာနေရာသို့ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦးဖြင့် ကယ်ဆယ်ရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူတို့ကို သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းသားများနှင့် ပြင်ဦးလွင်လူမှုကူညီရေးအသင်းမှ အသင်းသားတို့က သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်း သိရသည်။




