◾ ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်ပင်၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်ထွေ/အုပ်တို့ပူးပေါင်း၍ အစားအသောက်နှင့်ရေများအားစစ်ဆေးမူများဆောင်ရွက်နေ
သတိုး
၁၃. ၈. ၂၀၂၆
ရန်ကုန်မြို့လယ် လေးမြို့နယ်တွင်ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတင်ပို့ကုသခံနေရသူ ၁၈၀ ကျော်အနက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ ၅၄ ဦးရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့လယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအပေါ် တားဆီးကာကွယ်ရေးလုပ်ဆောင်နေမှုနှင့် ပတ်သက်၍ MT News သတင်းဌာန၏ မေးမြန်းချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြေကြားချက်အရ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦးရောက်ရှိလာခဲ့ပြီး ၁၁ ရက်နေ့တွင် လူနာသစ် (၇၀) ဦးထပ်မံရောက်ရှိလာခဲ့သည်။
ဩဂုတ် ၁၁ ရက်နေ့အထိဆေးရုံတက်လူနာ (၉၈) ဦးအနက် ဆေးရုံဆင်းသွားသူ (၈)ဦးရှိပြီး အသက် ၉၂ အရွယ်သက်ကြီးလူနာ တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဩဂုတ် ၁၂ ရက်နေ့တွင်လူနာသစ် (၈၄)ဦးထပ်မံရောက်ရှိလာပြီး ယနေ့အထိ ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ (၅၄)ဦးရှိနေသည်ဟုလည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဩဂုတ် ၁၃ ရက်နံနက် ဖြေကြားချင်တွင် ပါရှိသည်။
လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာစီမခန့်ခွဲမူလုပ်ငန်းကော်မတီ၏ဦးဆောင်မူဖြင့် ရောဂါဖြစ်ပွားသည့်လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်ပင်၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်ထွေ/အုပ်တို့ပူးပေါင်း၍ အစားအသောက်နှင့်ရေများအားစစ်ဆေးမူများဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
