Oplus_131072
သက်တံ့
၁၂. ၈. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရက်ပိုင်းအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ၎င်းပိုင် 2F / 3328 Nissan March အမျိုးအစား မော်တော်ယာဉ်ဖြင့် ကမာရွတ်မြို့နယ်၊ (၁) ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်အနီးသို့ ရောက်ရှိလာခဲ့ပြီးနောက် ကားကို လော့ခ်ချကာ ဘဏ်အတွင်းသို့ ငွေအပ်နှံရန် ၆ မိနစ်ခန့် သွားရောက်စုံစမ်းခဲ့သည်။

ဘဏ်အတွင်းစုံစမ်းပြီးနောက် ကားဆီသို့ ပြန်လည်ရောက်ရှိ စစ်ဆေးရာ ကားနောက်ခန်းတွင် ထားရှိသည့် ငွေကျပ် သိန်း ၆၀၀ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် တရားခံအား ဖော်ထုတ်ဖမ်းဆီးပေးပါရန် ကမာရွတ်မြို့မရဲစခန်း၌ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၁၅၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၉ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံအား ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့သည်။
အမှုဖွင့်လှစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံဖမ်းမိရေးအတွက် အခင်းဖြစ်နေရာအား စစ်ဆေးခြင်းနှင့် သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ခိုးမှုကျူးလွန်သူ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အုန်းကုန်းကျေးရွာနေ ဇော်လတ် (ခ) အောင်ဇော်လတ် (၃၈) နှစ်အား ဩဂုတ် ၉ ရက် ညပိုင်းတွင် ၎င်း၏ နေအိမ်အနီး၌ ခိုးယူရာမှရရှိသည့် ငွေကျပ် သိန်း ၁၄၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိ တရားခံ ဇော်လတ်အား စစ်ဆေးမေးမြန်းရာ ၎င်းသည် ဩဂုတ်လ ၅ ရက် နံနက် ၁၁ နာရီခွဲခန့်အချိန် အဆိုပါဖြစ်စဥ်နေရာ၌ ယာဉ်ပိုင်ရှင် အမျိုးသမီး ကားပေါ်မှဆင်း၍ လော့ခ်ချစဉ် အနောက်ဖက် ဝဲဘက်တံခါး လက်ကိုင်ကွင်းအား လော့ခ်ချမရအောင် မ,တင်ထားခဲ့ကြောင်း၊ ထို့နောက် ယာဉ်ပိုင်ရှင်အမျိုးသမီး ဘဏ်အတွင်းဝင်သွားချိန်တွင် နောက်ခန်းရှိ ငွေကျပ် သိန်း ၆၀၀ ကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
တရားခံ၏ ဝန်ခံချက်အရ ကျန်ရှိ သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ခိုးရာပါငွေများဖြင့် ဝယ်ယူထားသည့် ရွှေလက်စွပ် ၂ ကွင်းနှင့် ငွေကျပ် သိန်း ၁၀၀ ကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ နေအိမ်မှလည်းကောင်း၊ ကျန် ငွေကျပ် သိန်း ၁၀၀ ကို ဆိပ်ကြီးခနောင်တို၊ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်မှလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ငွေကျပ် သိန်း ၆၀၀ ခိုးယူသူ တရားခံ ဇော်လတ် (ခ) အောင်ဇော်လတ်အား သက်သေခံ ရွှေလက်စွပ် ၂ ကွင်း၊ ငွေကျပ် သိန်း ၃၄၀ တို့နှင့်အတူ ဖမ်းဆီးထားပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
