သက်တံ့
၁၂. ၈. ၂၀၂၆
သမ္မတ တာဝန်စတင်ယူချိန်မှစ၍ ဒေါ်နယ်ဒ် ထရမ့်ပ်အစိုးရအဖွဲ့သည် နိုင်ငံခြားသားများ၏ ဗီဇာပေါင်း ၁၇၅,၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသည် ယခင် ဘိုင်ဒင်အစိုးရအဖွဲ့၏ နောက်ဆုံးနှစ်ထက် ၄ ဆ ပိုမိုမြန်ဆန်သော နှုန်းထားဖြစ်ကြောင်း ဂါဒီယန်း (The Guardian) သတင်းစာ၏ လေ့လာဆန်းစစ်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဗီဇာ ပယ်ဖျက်ခံရမှုအများစုမှာ “ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ မူးယစ်သောက်စားမောင်းနှင်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများ အပါအဝင် ပြစ်မှုမျိုးစုံကြောင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့်ဖြစ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်သည့် အချက်အလက်စာစောင်တွင် ဖော်ပြထားသည်။
အဆိုပါ ပယ်ဖျက်မှုများတွင် အများပြည်သူဆိုင်ရာ ငြိမ်ဝပ်ပိပြားရေးဖျက်ဆီးမှုမှသည် မိမိတို့၏ ရင်သွေးများအတွက် အမေရိကန်နိုင်ငံသားခွင့် ရရှိရန် “မွေးဖွားမှုဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများ” (birth tourists) အဖြစ် လာရောက်သည့် မိဘများအထိ ပြစ်မှုအမျိုးမျိုးကြောင့် ဗီဇာများကို ပယ်ဖျက်ခဲ့ကြောင်း ထိုကြေညာချက်တွင် မှတ်ချက်ပြုထားသည်။
အချို့မှာ ၎င်းတို့၏ နိုင်ငံရေးအယူအဆများကြောင့် ဗီဇာပယ်ဖျက်ခံခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ခံခဲ့ပြီး၊ “ဖက်ဆစ်တွေ သေတဲ့အခါ ဒီမိုကရက်တွေ ငြီးငြူလေ့မရှိဘူး” ဟု ပြောကြားခဲ့သူတစ်ဦးနှင့် “သူ သေတာ နောက်ကျလွန်းတယ်” ဟု ပြောဆိုခဲ့သူတစ်ဦး အပါအဝင် ချာလီကာ့ခ် (Charlie Kirk) လုပ်ကြံခံရမှုကို အောင်ပွဲခံခဲ့ကြသည့် “နိုင်ငံခြားသားအများအပြားကို” ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ဝေဖန်သူများကမူ ထိုထုတ်ပြန်ချက်သည် အသေးစိတ်မရှိဘဲ မရေမရာဖြစ်သည်ဟု ပယ်ချခဲ့ကြသည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဖြစ်စဉ်တွေ၊ မူးယစ်မောင်းနှင်မှု ဖမ်းဆီးမိန့်တွေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးပြောဆိုချက်တွေကို ရောထွေးဖော်ပြထားတာကြောင့် ပင်မဖော်ပြထားတဲ့ ကိန်းဂဏန်းဟာ အဓိပ္ပာယ်မရှိသလောက် ဖြစ်သွားရုံတင်မကဘဲ အစိုးရအဖွဲ့ဟာ ထိရောက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ လုပ်ပိုင်ခွင့်ကို ဘယ်လောက်အထိ အသုံးချနေသလဲဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ် မေးခွန်းတွေ ထွက်ပေါ်စေပါတယ်” ဟု အမေရိကန် လူဝင်မှုကြီးကြပ်ရေးကောင်စီ၏ အကြီးတန်း မူဝါဒဆိုင်ရာ ဥပဒေအကြံပေး မစ္စတာ အေဒရီယယ် သြရော့ဇ်ကို (Adriel Orozco) က The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။
ဇန်နဝါရီလအတွင်းကလည်း အမေရိကန်သမ္မတ ထရမ့်ပ်၏ ဒုတိယအကြိမ်မြောက် အစိုးရအဖွဲ့ သက်တမ်း ပထမနှစ်အတွင်း ဗီဇာပေါင်း ၁၀၀,၀၀၀ ကျော် ပယ်ဖျက်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ကြေညာခဲ့ပြီး ယင်းမှာ စံချိန်တင် ပမာဏဖြစ်ကြောင်း ပြောကြားခဲ့သည်။ The Independent သတင်းစာ၏ ဖော်ပြချက်အရ အစိုးရအဖွဲ့သည် ပါလက်စတိုင်းလိုလားသူ လှုပ်ရှားသူများ၏ ဗီဇာများကိုလည်း ပယ်ဖျက်ရန် အထူးအလေးပေး ဆောင်ရွက်ခဲ့သည်။
ထို့အတူ ထရမ့်ပ်အစိုးရအဖွဲ့သည် အမေရိကန်သို့ ဝင်ရောက်သည့် ပြောင်းရွှေ့နေထိုင်သူ အရေအတွက်ကို ကန့်သတ်ရန်နှင့် တိုင်းပြည်အတွင်းမှ နှင်ထုတ်ခံရသူ အရေအတွက်ကို တိုးမြှင့်ရန် ကြိုးပမ်းခဲ့သည်။
ထရမ့်ပ်အစိုးရအဖွဲ့သည် အမေရိကန်အတွင်းရှိ ပြောင်းရွှေ့နေထိုင်သူ အရေအတွက်ကို လျှော့ချရန် ပြည်နှင်ဒဏ်ပေးသည့် ဝင်ရောက်စီးနင်းမှုများ၊ ဒုက္ခသည်လက်ခံမှု ဆိုင်းငံ့ခြင်းများနှင့် ဥပဒေကြောင်းအရ ပြောင်းလဲမှုများကို အသုံးပြုခဲ့သည်။ ထို့အပြင် ဟေတီနိုင်ငံမှ ပုဂ္ဂိုလ်များကဲ့သို့ မိခင်နိုင်ငံများတွင် လုံခြုံမှုမရှိခြင်း သို့မဟုတ် မတည်ငြိမ်ခြင်းတို့ကြောင့် ယခင်က ပြည်နှင်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိထားသော အမေရိကန်ရှိ ပြောင်းရွှေ့နေထိုင်သူ ထောင်ပေါင်းများစွာ၏ ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (Temporary Protected Status) ကိုလည်း ပယ်ဖျက်ခဲ့သည်။
သမ္မတသည် ခိုလှုံခွင့်တောင်းခံသူများအတွက် နယ်စပ်ကို ပိတ်ပစ်ရန် ကြိုးပမ်းခဲ့ပြီး မျိုးတုံးသတ်ဖြတ်မှုနှင့် ရင်ဆိုင်နေရသည်ဟု အစိုးရအဖွဲ့က အထောက်အထားမဲ့ အကြောင်းပြထားသည့် တောင်အာဖရိကရှိ လူဖြူများမှလွဲ၍ ကျန်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အများစုကို ဆိုင်းငံ့ထားခဲ့သည်။
ထို့ပြင် အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံသားများ၏ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းသည့် အမှုများကို “ဦးစားပေး ဆောင်ရွက်ရန်နှင့် အပြည့်အဝ အရေးယူရန်” တရားရေးဝန်ကြီးဌာန၏ ကြိုးပမ်းမှုကို စတင်ခြင်းနှင့် လတ်တလော တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက် ထွက်ပေါ်ထားသော်လည်း မွေးရာပါ နိုင်ငံသားခွင့်ကို အဆုံးသတ်ရန် တွန်းအားပေးခြင်း အပါအဝင် အခြားသော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။
Ref : The Guardian
