၁၂.၈.၂၀၂၆
Written by NYL
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု ဌာနအဖွဲ့အစည်း ၄ ဖွဲ့က သာမန်အသုံးစရိတ်အတွက် ကျပ် ၁၁ ဒသမ ၈၉၄ ဘီလီယံ၊ ဌာနအဖွဲ့အစည်း ၁၁ ဖွဲ့က ငွေလုံးငွေရင်းအသုံးစရိတ်အတွက် ကျပ် ၁၈၆ ဒသမ ၁၂၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၉၈ ဒသမ ၀၁၄ ဘီလီယံတင်ပြတောင်းခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ယနေ့ တင်သွင်းမှုအရ သိရသည်။
ဩဂုတ် ၁၂ ရက်၊ နေ့လယ် ၁ နာရီခွဲတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ပေးအပ်မှုအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးလျာထားချက်အား လွှတ်တော်သို့ တင်သွင်းခဲ့သည်။





တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်သန်းက ” ဒီကနေ့ ကျွန်မတင်ပြလိုတဲ့ အကြောင်းအရာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးလျာထားချက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ဌာနအဖွဲ့အစည်း ၄ ဖွဲ့က သာမန်အသုံးစရိတ်အတွက် ကျပ် ၁၁ ဒသမ ၈၉၄ ဘီလီယံ၊ ဌာနအဖွဲ့အစည်း ၁၁ ဖွဲ့က ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၈၆ ဒသမ ၁၂၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၉၈ ဒသမ ၀၁၄ ဘီလီယံ တင်ပြတောင်းခံထားပါတယ် ” ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မူလခွင့်ပြုငွေဖြင့် မလုံလောက်၍ ဌာနအဖွဲ့အစည်း ၁၂ ဖွဲ့မှ ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၉၈ ဒသမ ၀၁၄ ဘီလီယံ တင်ပြတောင်းခံထားသော်လည်း အခြားတစ်ဖက်တွင်မူ ရငွေများကို မူလလျာထားဘတ်ဂျက်ထက် ကျပ် ၄၀၃ ဒသမ ၄၁၅ ဘီလီယံ ပိုမိုရရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံပြီးနောက် ဖြစ်ပေါ်လာသည့် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းမှာ ရငွေ စုစုပေါင်း ကျပ် ၁၃၈၄ ဒသမ ၈၉၁ ဘီလီယံနှင့် သုံးငွေစုစုပေါင်း ကျပ် ၁၁၇၉ ဒသမ ၄၉၀ ဘီလီယံဖြစ်သဖြင့် ပိုငွေကျပ် ၂၀၅ ဒသမ ၄၀၁ ဘီလီယံဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာ မေနွယ်သန်းက ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းများကို နှိုင်းယှဉ်တင်ပြခဲ့သည်။
” မူလခန့်မှန်းခြေစာရင်းမှာ ရငွေစုစုပေါင်း ကျပ် ၉၈၁ ဒသမ ၄၇၇ ဘီလီယံနှင့် သုံးငွေစုစုပေါင်း ကျပ် ၉၈၁ ဒသမ ၄၇၇ ဘီလီယံ ဖြစ်နေတဲ့အတွက် ဘက်ညီဘတ်ဂျက်ဖြစ်ပါတယ်။ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းမှာ ရငွေ စုစုပေါင်း ကျပ် ၁၃၈၄ ဒသမ ၈၉၁ ဘီလီယံနှင့် သုံးငွေ စုစုပေါင်း ကျပ် ၁၁၇၉ ဒသမ ၄၉၀ ဘီလီယံ ဖြစ်၍ ကျပ် ၂၀၅.၄၀၁ ဘီလီယံ ပိုငွေဖြစ်ပေါ်နေပါသဖြင့် ပိုငွေပြ ဘတ်ဂျက် ဖြစ်ကြောင်း တင်ပြအပ်ပါတယ် ” ဟု ဒေါက်တာ မေနွယ်သန်းက ပြောကြားခဲ့သည်။
အဆိုပါ တင်ပြတောင်းခံခဲ့သည့် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၉၈ ဒသမ ၀၁၄ ဘီလီယံသည် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရဆောင်ရွက်သည့် လုပ်ငန်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဆောင်ရွက်တဲ့ လုပ်ငန်းများ၊ လွှတ်တော် ကတိကဝတ်များ၊ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင်လစာများ၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသည့် ကျေးလက်ကုန်ထုတ်လမ်းများ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ တားတမံ ကာကွယ်ရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး လုပ်ငန်းများဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေးအတွက် တင်သွင်းခြင်းဖြစ်ကြောင်း ဒေါက်တာ မေနွယ်သန်းက တင်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ရာထူးဘတ်ဂျက်ကို လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ကာ ၎င်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာဖတ်ကြားတင်ပြခြင်းကို ဩဂုတ် ၁၄ ရက်တွင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
