၁၂.၈.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားကျွန်း ဘာလီမှ ထွက်ခွာလာသော ကူးတို့သင်္ဘောတစ်စင်းမှာ လွန်ဘော့ ကမ်းလွန်ရေပြင်၌ သြဂုတ်လ ၁၂ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၇၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ပြီး အခြားပျောက်ဆုံးနေသော ခရီးသည်များကို ရှာဖွေနေဆဲဖြစ်ကြောင်းလည်းသိရသည်။
KM Putri Yasmin အမည်ရှိ အဆိုပါကူးတို့သင်္ဘောသည် ဘာလီကျွန်းရှိ ပါဒန်ဘေဆိပ်ကမ်းမှ အနောက် နျူဆာ တန်ဂါရာ ပြည်နယ်ရှိ လုမ်ဘုတ်မြို့၊ လမ်ဘာ ဆိပ်ကမ်းသို့ ထွက်ခွာသွားကြောင်း ဒေသခံကယ်ဆယ်ရေးအေဂျင်စီ၏ အကြီးအကဲ မူဟာမက် ဟာရီယာဒီ က ပြောကြားခဲ့သည်။
ကူးတို့သင်္ဘော မီးလောင်မှုက သြဂုတ်လ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီ ၃၉ မိနစ်တွင် လုမ်ဘုတ် ရေလက်ကြား၌ ဖြစ်ပွားခဲ့ကြောင်း ဟာရီယာဒီက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
သြဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး လူ ၁၇၂ ဦးကို ဘာလီနှင့် Lombok ရှိ ဆိပ်ကမ်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဟာရီယာဒီက ပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများတွင် သြစတြေးလျနိုင်ငံသားတစ်ဦးပါဝင်ပြီး ကျန်သူများမှာ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။ ဟာရီယာဒီက “ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့နဲ့ အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်က တခြားလှေတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လှေတချို့ကို စေလွှတ်ထားပါတယ်” ဟု ပြောကြားခဲ့ပြီး လုပ်ငန်းစဉ်ကို ကိုင်တွယ်ဖြေရှင်းရန် ဝန်ထမ်း ၂၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကူးတို့သင်္ဘော မီးလောင်ရခြင်း အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသလို သင်္ဘောတွင် လူပြည့်ကျပ်နေခြင်းက မီးလောင်မှု၏အကြောင်းရင်းလားဆိုသည်ကို မပြောနိုင်သေးပေ။
သြဂုတ်လ ၁၂ ရက် အစောပိုင်းတွင် ဘာလီရှိ ပါဒန်ဘေ ဆိပ်ကမ်းမှ အရာရှိတစ်ဦးဖြစ်သူ ဟီရီ ဝီရန်တိုက ကူးတို့သင်္ဘောစာရင်းတွင် ခရီးသည် ၁၁၄ ဦးနှင့် သင်္ဘောဝန်ထမ်း ၁၇ ဦးသာ မှတ်ပုံတင်ထားကြောင်း ဒေသခံရုပ်သံဌာန Kompas TV သို့ ပြောကြားခဲ့သည်။ထို့ကြောင့်လည်း သင်္ဘောမီးလောင်မှု၌ပျောက်ဆုံးနေသူမည်မျှရှိမည်ကို မပြောကြားနိုင်ဘဲ ဖြစ်နေရသည်။




မာဒူရာကျွန်းတွင် KM Mutiara Sentosa 2 သင်္ဘော မီးလောင်၍ လူ ငါးဦး သေဆုံးခဲ့ပြီး တစ်လမပြည့်မီတွင် ယင်းဖြစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ၎င်း၏စာရင်းတွင် ဖော်ပြထားသည်ထက် လူပိုများသော လူများကိုလည်း တင်ဆောင်လာခဲ့သည်။
ကျွန်းပေါင်း ၁၇,၀၀၀ ခန့် ရှိသော အင်ဒိုနီးရှားသည် အဓိကသယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် ကူးတို့သင်္ဘောများကို အားကိုးနေရပြီး ရေကြောင်းခရီးစဉ်များသည် လေကြောင်းခရီးစဉ်ထက် ပိုမို အလွယ်တကူ ရရှိနိုင်သည်။ သို့သော် ဘေးကင်းရေးစံနှုန်းများကို အမြဲတမ်း တင်းကြပ်စွာ ပြဋ္ဌာန်းထားခြင်း မဟုတ်သောကြောင့် မတော်တဆမှုများ ဖြစ်ပွားမှုနှုန်း အတော်လေး မြင့်မားသည်။
Ref : Reuters
