သက်တံ့
၁၂. ၈. ၂၀၂၆
ပင်လယ်နီ (Red Sea) ၏ တောင်ဘက်အထွက် အဝင်ဝတွင် တည်ရှိပြီး ပင်လယ်နီနှင့် အိန္ဒိယသမုဒ္ဒရာ (အာဒန်ပင်လယ်ကွေ့ – Gulf of Aden) တို့ကို ဆက်သွယ်ပေးထားသည့် အလွန်အရေးပါသော ဘက်ဘ် အယ်လ်-မန်ဒက်ဖ် (Bab el-Mandeb) ရေလက်ကြားတွင် အီဂျစ်နိုင်ငံပိုင် Tihamah ကုန်သင်္ဘောအား ဟူသီသူပုန်တို့ တိုက်ခိုက်မှုကြောင့် သင်္ဘောသား ၄ ဦးနှင့် ယီမင် ကယ်ဆယ်ရေးသမား ၂ ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ ဦးရေ ၆ ဦးထိ မြင့်တက်လာခဲ့သည်ဟု ယီမင် အာဏာပိုင်များက ထုတ်ဖော်ပြောကြားသည်။
ဗြိတိန် ပင်လယ်ရေကြောင်း လုံခြုံရေးကုမ္ပဏီ Ambrey ၏ အဆိုအရ အီဂျစ်ပိုင် အဆိုပါ သင်္ဘောသည် ဩဂုတ်လ ၁၁ ရက်နေ့က ယီမင်နိုင်ငံ ပယ်ရင်မ်ကျွန်း (Perim Island) ၏ မြောက်ဘက်အရှေ့ဘက်တွင် ကျောက်ဆူးချရပ်နားထားစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
တိုက်ခိုက်မှုအတွင်း သင်္ဘောသား ၄ ဦး သေဆုံးခဲ့ကြောင်း ယီမင် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေဆုံးသူများအနက် ၃ ဦးမှာ ပါကစ္စတန်နိုင်ငံသားများဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့ပြီး စတုတ္ထမြောက် သေဆုံးသူမှာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်ကြောင်း ယီမင် အာဏာပိုင်များက ခွဲခြား အတည်ပြုခဲ့သည်။
ဟူသီဆန့်ကျင်ရေး စစ်တပ်အဖွဲ့ဖြစ်သည့် ယီမင်အမျိုးသားခုခံရေးတပ်ဖွဲ့ (NRF) မှ ကယ်ဆယ်ရေးသမား ၂ ဦးမှာလည်း ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီးနောက် ဟူသီတို့က ဒုတိယအကြိမ် တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း ယီမင် ကမ်းခြေစောင့်တပ်ဖွဲ့၏ အဆိုအရ သိရသည်။
ထို့ပြင် သင်္ဘောသား ၇ ဦး၊ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၂ ဦးနှင့် NRF တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
◾️ ဘက်ဘ် အယ်လ်-မန်ဒက်ဖ် တိုက်ခိုက်မှုကို ဟူသီတို့ ဝန်ခံ
ယီမင်အစိုးရ ထုတ်ပြန်မှုနှင့်အတူ ဟူသီအဖွဲ့ကလည်း ဘက်ဘ် အယ်လ်-မန်ဒက်ဖ် ရေလက်ကြားရှိ သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် သင်္ဘောသည် ဆော်ဒီ စစ်ဘက်ဆိုင်ရာ စက်ကိရိယာများကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထိုအဖွဲ့က အခိုင်အမာဆိုသော်လည်း သင်္ဘောအမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ရိုက်တာ (Reuters) သတင်းဌာနသည် သင်္ဘော၏ ကုန်းပတ်နှင့် တိုင်ထိပ်ပုံသဏ္ဌာန်ကို မှတ်တမ်းဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးကာ တိုက်ခိုက်ခံရသည့် အဆိုပါသင်္ဘောမှာ Tihamah ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ သင်္ဘောသွားလာရေး စောင့်ကြည့်မှုအချက်အလက်များအရလည်း Tihamah သင်္ဘောသည် ဩဂုတ်လ ၁၁ ရက်နေ့က ထိုဧရိယာတွင် ရှိနေခဲ့ကြောင်း ပြသနေသလို ယီမင် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကလည်း ကုန်သင်္ဘောငယ်တစ်စီးအား ဟူသီတို့ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ကြသည်။
ယူကေ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး အဖွဲ့ (UKMTO) သည် ပင်လယ်နီတောင်ပိုင်းရှိ ကုန်သင်္ဘောတစ်စီး အမျိုးအမည်မသိ ဒုံးကျည်/လက်နက် ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးမှုများ ရှိကြောင်း သတင်းပို့ချက် ရရှိပြီးနောက် “Warning 110-26” ကို စောစောပိုင်းက ထုတ်ပြန်ခဲ့သည်။

ယီမင် အာဏာပိုင်များ၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုအပြီးတွင် သင်္ဘောသားများသည် Tihamah သင်္ဘောအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း သိရသည်။
Ambrey အဖွဲ့က အဆိုပါသင်္ဘောသည် ဆော်ဒီပိုင် သို့မဟုတ် ဆော်ဒီမှ ပြေးဆွဲနေသည့် သင်္ဘောမဟုတ်ဘဲ ယီမင်အစိုးရ ထိန်းချုပ်ထားသော အယ်လ်မိုခါ (Al Mokha) ဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရိုက်တာသတင်းက ကိုးကားဖော်ပြသော သင်္ဘောပို့ဆောင်ရေး အချက်အလက်များတွင်မူ သင်္ဘော၏ ပိုင်ရှင်နှင့် စီမံခန့်ခွဲသူအဖြစ် အီဂျစ်ကုမ္ပဏီများကို စာရင်းသွင်းထားသည်။
◾️ အီရန်စစ်ပွဲ စတင်ပြီးနောက်ပိုင်း သင်္ဘောသွားလာရေးတွင် ပထမဆုံး လူသေဆုံးမှုဖြစ်လာ
အီရန်စစ်ပွဲ စတင်ပြီးနောက်ပိုင်း သင်္ဘောသွားလာရေးတွင် ပထမဆုံး လူသေဆုံးမှု သတင်းထုတ်ပြန်ချက်
ယခု သင်္ဘောသား ၄ ဦး သေဆုံးမှုအား အတည်ပြုနိုင်ပါက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ကုန်သွယ်ရေယာဉ်များအပေါ် ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှု ဖြစ်ပွားခြင်း ဖြစ်သည်။
ဟူသီတို့သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပင်လယ်နီအတွင်း ဆော်ဒီအာရေးဗီးယားအား ပင်လယ်ရေကြောင်း ပိတ်ဆို့မှုပြုလုပ်မည်ဟု ကြေညာခဲ့သဖြင့် ဘက်ဘ် အယ်လ်-မန်ဒက်ဖ်နှင့် ပင်လယ်နီတောင်ပိုင်းမှ ဖြတ်သန်းသွားလာနေသည့် သင်္ဘောများအတွက် လုံခြုံရေးစိုးရိမ်ရမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။
၂၀၂၃ နှင့် ၂၀၂၅ ခုနှစ်အကြား ယခင်ဖြစ်ပွားခဲ့သော ဟူသီတို့၏ တိုက်ခိုက်မှုလှိုင်းများကြောင့် အဆိုပါ ရေကြောင်းစင်္ကြံမှ ကုန်သွယ်ရေယာဉ်များ ဖြတ်သန်းသွားလာမှုမှာ သိသိသာသာ လော့ကျသွားခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာပြီးနောက် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည့် ယခုနောက်ဆုံး တိုက်ခိုက်မှုသည် ဒေသတွင်း၌ သွားလာလှုပ်ရှားနေသည့် ကုန်သင်္ဘောများနှင့် အရေးပေါ် ကယ်ဆယ်ရေးသမားများအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပိုမိုတိုးပွားစေခဲ့သည်။
Ref : News18 & Container News
