သက်တံ့
၁၂. ၈. ၂၀၂၆
လစာကောင်းသည့် အလုပ်အကိုင်ရမည်ဟု ဖျားယောင်းသွေးဆောင်ခံရကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ကျားဖြန့် အချစ်တုလိမ်လည်မှု (Romance Scam) လုပ်ငန်းတွင် အဓမ္မခိုင်းစေခြင်းခံခဲ့ရသည့် အသက် ၁၉ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦးသည် မြန်မာနိုင်ငံအတွင်းမှ စွန့်စွန့်စားစား ထွက်ပြေးလာခဲ့ပြီးနောက် မယ်ဆိုင်ချောင်းကို ဖြတ်သန်း၍ ထိုင်းနိုင်ငံဘက်သို့ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံ၊ ချယ်လျာဘင့်စ်ခ် (Chelyabinsk) မြို့မှ အသက် ၁၉ နှစ်အရွယ် Ms. Mariya Mikhailovna အမည်ရှိ အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် ၁ နှစ်မှ ၂ နှစ်အတွင်း တရုတ်၊ တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများအပြားသို့ ခရီးသွားလာခဲ့သူဖြစ်သည်။ လွန်ခဲ့သည့် ၂ လခန့်က သူမအား ရုရှားအမျိုးသမီး မိတ်ဆွေတစ်ဦးက တစ်လလျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ (ထိုင်းဘတ်ငွေ ၁ သိန်းခန့်) အထိ ရရှိမည်ဟု ကတိပြုကာ မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ရန် သိမ်းသွင်းစည်းရုံးခဲ့သည်ဟု ဆိုသည်။
၎င်းသည် ရန်ကုန်မြို့သို့ လေကြောင်းဖြင့် စတင်ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ ထိုင်းအာဏာပိုင်များထံ တင်ပြထားသည့် အချက်အလက်များအရ ၎င်းလုပ်ငန်းကို ဦးဆောင်သူမှာ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းတွင် သူမ သိရှိခဲ့ရသည်။ ၎င်းတို့က သူမ၏ ရုပ်ရည်သွင်ပြင်ကို အသုံးပြု၍ သားကောင်ဖြစ်သူများနှင့် အချစ်တုဆက်ဆံရေး ထူထောင်ကာ ဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrency) နှင့် စက်ရုံများ၊ ရင်းနှီးမြှုပ်နှံမှုများတွင် မြှုပ်နှံရန် သိမ်းသွင်းစည်းရုံးရသည့် Romance Scam လုပ်ငန်းတွင် အဓမ္မခိုင်းစေခဲ့သည်ဟု သိရသည်။
၎င်းက ပါဝင်လုပ်ကိုင်ရန် ငြင်းဆန်သည့်အခါ အဆိုပါလုပ်ငန်းနှင့် ဆက်စပ်နေသူများက ရုပ်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုများနှင့် ပါးရိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လက်နှင့် ခြေထောက်တို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။ ထို့နောက် သူမအား ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၏ တစ်ဖက်ကမ်းရှိ မြန်မာနိုင်ငံ၊ တာချီလိတ်ဒေသသို့ ပြောင်းရွှေ့ခဲ့ပြီး တောင်ကုန်းထူထပ်သော ဧရိယာအတွင်းရှိ နှစ်ထပ်အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ အာဏာပိုင်များထံ ရရှိသည့် သတင်းများအရ အဖြူရောင်ဆီဒန် မော်တော်ယာဉ်ဖြင့် တောင်ပေါ်သို့ တက်ခဲ့ပြီးနောက် အဆိုပါအိမ်သို့ ခြေလျင်ဆက်သွားခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ အဆောက်အအုံအတွင်း၌ မြန်မာအမျိုးသား ၈ ဦးခန့် စုဝေးနေပြီး လောင်းကစားလုပ်နေသည့် ပုံစံရှိကာ သူမအား အောက်ထပ်အခန်းတစ်ခန်းအတွင်း ထိန်းသိမ်းထားခဲ့ကြောင်း ရုရှားအမျိုးသမီးက ပြောကြားခဲ့သည်။
ဩဂုတ်လ ၉ ရက်နေ့တွင် သူမသည် ထွက်ပြေးရန် အခွင့်အရေး ရရှိခဲ့သည်။ သူမသည် အဝတ်အစား ခရီးဆောင်အိတ်ကြီးကို ကိုင်ဆောင်ကာ တာချီလိတ်မှ မယ်ဆိုင်မြစ်ဘက်သို့ ဦးတည်ထွက်ခွာခဲ့ပြီး နယ်စပ်ရှိ တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ဝင်ရောက်ခဲ့သည်။ သူမ ထွက်ပြေးစဉ် ကာလအတွင်း မြန်မာဘက်ခြမ်းရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ထိုင်းဘက်ခြမ်းသို့ ဆက်လက်ထွက်ခွာနိုင်ရန် ကူညီပေးခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသော်လည်း အာဏာပိုင်များက အသေးစိတ် အချက်အလက်များကို စိစစ်နေဆဲဖြစ်သည်။
နောက်ဆုံးတွင် သူမသည် မယ်ဆိုင်မြို့ရှိ Tesco Lotus ဈေးဝယ်စင်တာ၏ ကားပါကင်တွင် ရောက်ရှိလာခဲ့သည်။ ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများဖြင့် ထိတ်လန့်တုန်လှုပ်ပြီး စိတ်ဓာတ်ကျဆင်းနေသည့် သူမအား မယ်ဆိုင်ရဲစခန်းနှင့် ချင်းရိုင် ရဲတပ်ဖွဲ့တို့က သွားရောက်ကူညီခဲ့ပြီး မယ်ဆိုင်ဆေးရုံသို့ အရေးပေါ် ဆေးဝါးကုသမှု ခံယူနိုင်ရန် စီစဉ်ပေးခဲ့သည်။ ချင်းရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများသည်လည်း သူမ၏ ဘေးကင်းလုံခြုံရေးနှင့် နယ်စပ်ဖြတ်သန်းမှု အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ဩဂုတ်လ ၁၀ ရက်နေ့တွင် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက် ဆေးဝါးကုသမှု ခံယူရင်း စိတ်ဒဏ်ရာမှ ပြန်လည်သက်သာလာစေရန် ဆေးရုံ၌ပင် ဆက်လက်ရှိနေခဲ့သည်။ ရဲတပ်ဖွဲ့က စကားပြန်မှတစ်ဆင့် အဓိက အချက်အလက်များကို ပဏာမ စုံစမ်းရန် ကြိုးပမ်းခဲ့သော်လည်း သူမမှာ ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်သဖြင့် အပြည့်အဝ အချက်အလက်ရယူရန် ခက်ခဲနေကြောင်း သိရသည်။
သူမ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်လာပါက တရားဝင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရန် အာဏာပိုင်များက စီစဉ်ထားသည်။ စုံစမ်းစစ်ဆေးသူများသည် သူမ၏ သွားလာလှုပ်ရှားမှုများကို အတည်ပြုရန်နှင့် သူမ၏ ထွက်ဆိုချက်များမှ အသေးစိတ်အချက်အလက်များကို စိစစ်နိုင်ရန် သူမ၏ နိုင်ငံကူးလက်မှတ်၊ ရရှိနိုင်သော သက်သေအထောက်အထားများ၊ ပတ်ဝန်းကျင် အခြေအနေများနှင့် CCTV မှတ်တမ်းများကို စစ်ဆေးသွားမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများနှင့် လိုအပ်သော လုပ်ငန်းစဉ်များ တိုးတက်လာပါက ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သံတမန်ရေးရာနှင့် ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် လစာကောင်းမွန်သော အလုပ်အကိုင် ကတိကဝတ်များဖြင့် ပြည်ပသို့ စည်းရုံးခေါ်ယူခြင်းခံရသူများ ရင်ဆိုင်နေရသည့် အန္တရာယ်များကို မီးမောင်းထိုးပြနေပြီး အထူးသဖြင့် အမှန်တကယ် လုပ်ကိုင်ရသည့် အလုပ်နှင့် အခြေအနေများသည် ကြော်ငြာထားသည်များနှင့် လုံးဝ ကွဲပြားခြားနားနေခြင်းကို ဖော်ပြနေပါသည်။
Ref : Pattaya Mail
