ပုံစာ။ ဇူလိုင် ၁၆ ရက်က ဆိုးလ်မြို့ရှိ SK Ecoplant ဌာနချုပ်ရှေ့တွင် မြန်မာလုပ်သား သေဆုံးမှုအတွက် တာဝန်ယူမှုရှိစေရန် တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲသို့ ကိုအောင်မင်းဦး၏ ကျန်ရစ်သူ မိသားစုဝင်များ တက်ရောက်ခဲ့စဉ်။ (Photo - Yonhap)
◾️ မြန်မာလုပ်သား၏ လစာထုတ်ယူမှု မှတ်တမ်းများအရ အဓိက ရထားလမ်း စီမံကိန်းလုပ်ငန်းခွင်၏ လွန်ကဲသော အလုပ်ချိန်များအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာ
သက်တံ့
၁၂. ၈. ၂၀၂၆
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့်လက KTX အမြန်ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်း အလုပ်လုပ်ကိုင်နေစဉ် သေဆုံးခဲ့သည့် မြန်မာလုပ်သားတစ်ဦးသည် တစ်လလျှင် နာရီပေါင်း ၃၅၅ နာရီအထိ အလုပ်လုပ်ခဲ့ရပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၁ နာရီကျော် အလုပ်လုပ်ခဲ့ရကြောင်း လစာထုတ်ယူမှု မှတ်တမ်းများအရ သိရသည်။
အသက် ၃၇ နှစ်အရွယ် ကိုအောင်မင်းဦးသည် နှစ်ရက်ဆက်တိုက် ၁၆ နာရီမှ ၂၀ နာရီအထိ ဆက်တိုက်အလုပ်လုပ်ခဲ့ရပြီး တစ်လလုံး လုံးဝ နားရက်မရှိဘဲ အလုပ်လုပ်ခဲ့ရသည့် လများလည်း ရှိခဲ့ကြောင်း Kyunghyang Shinmun သတင်းစာက ပထမဆုံး ဖော်ပြခဲ့သည့် မှတ်တမ်းများအရ သိရသည်။
အဆိုပါ မှတ်တမ်းများကို Korea National Railway က တိုးတက်ရေးပါတီ (Progressive Party) မှ လွှတ်တော်အမတ် Yoon Jong-oh ထံ တင်ပြခဲ့ခြင်းဖြစ်သည်။
ကိုအောင်မင်းဦးသည် ယခုနှစ် ဇူလိုင် ၁ ရက်နေ့က တောင်ပိုင်းချုန်းချောင်းပြည်နယ် (South Chungcheong Province)၊ အာဆန် (Asan) မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ကွန်ဗေယာဘတ် (Conveyor belt) စက်ပစ္စည်းကို တစ်ဦးတည်း စစ်ဆေးနေစဉ် ညပ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ကွန်ဗေယာဘတ်တွင် အရေးပေါ် ရပ်တန့်စက်ကိရိယာ ပါရှိခြင်းမရှိကြောင်း သိရသည်။
ကိုအောင်မင်းဦးသည် ပြောင်တက် (Pyeongtaek) နှင့် အိုဆုန်း (Osong) အကြား ၄၆ ဒသမ ၄ ကီလိုမီတာရှည်လျားသည့် အမြန်ရထားလမ်းတွင် လမ်းကြောင်းနှစ်ခု ထပ်မံတိုးချဲ့သည့် စီမံကိန်း၏ ကန်ထရိုက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်သည့် LT Sambo တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို Korea National Railway က အပ်နှံခဲ့ပြီး SK Ecoplant က တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်သည်။
လစာထုတ်ယူမှု မှတ်တမ်းများအရ ကိုအောင်မင်းဦးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၏ ၃၁ ရက်လုံး အလုပ်လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လတွင် ၎င်းသည် တောင်ကိုရီးယား ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်အားနှင့် လုပ်ခလစာ တွက်ချက်ရန် အသုံးပြုသည့် “ဂေါင်ဆူ” (Gong-su) ယူနစ် ၅၂ ဒသမ ၁ အထိ အလုပ်လုပ်ခဲ့ရသည်။ ဂေါင်ဆူတစ်ယူနစ်သည် ပုံမှန်အားဖြင့် ၈ နာရီ ကြာမြင့်သည့် အလုပ်လုပ်ချိန် တစ်ရက်နှင့် ညီမျှပြီး အချိန်ပို၊ ညဘက်နှင့် ရုံးပိတ်ရက် အလုပ်လုပ်ကိုင်မှုများအတွက် အပိုဆောင်း တွက်ချက်ပေးလေ့ရှိသည်။
လွှတ်တော်အမတ် Yoon ၏ ရုံးအဖွဲ့က ကိုအောင်မင်းဦးသည် အဆိုပါ လအတွင်း နာရီပေါင်း ၃၅၅ ဒသမ ၂ နာရီ (သို့မဟုတ်) တစ်ရက်လျှင် ပျမ်းမျှ ၁၁ ဒသမ ၄၅ နာရီ အလုပ်လုပ်ခဲ့ရကြောင်း ခန့်မှန်းတွက်ချက်ခဲ့သည်။
မှတ်တမ်းတွင် နားရက်နှစ်ရက် ပါရှိသော်လည်း အဆိုပါ နားရက်များသည် ၁၆ နာရီမှ ၂၀ နာရီခန့်အထိ ကြာမြင့်သည့် ညဂျူတီအဆိုင်းများ ပြီးဆုံးပြီးနောက် ဖြစ်သောကြောင့် ကိုအောင်မင်းဦးအတွက် အဆိုပါ လတွင်လည်း အပြည့်အဝ နားရက် လုံးဝမရှိခဲ့ဟု ဆိုနိုင်သည်။
၎င်း၏ အလုပ်ခန့်ထားမှု စာချုပ်တွင်မူ စနေနှင့် တနင်္ဂနွေနေ့များကို နားရက်အဖြစ် ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းများက လုပ်ခလစာ ကွာခြားမှုဆိုင်ရာ မေးခွန်းများကိုလည်း မြင့်တက်စေခဲ့သည်။ LT Sambo ၏ ဇွန်လ လစာစာရင်းအရ အထွေထွေ အလုပ်သမားအဖြစ် သတ်မှတ်ခံရသည့် ရွှေ့ပြောင်းနိုင်ငံခြားသား အလုပ်သမားများသည် တစ်ဂေါင်ဆူလျှင် ဝမ် ၁၀၃,၂၀၀ (အမေရိကန်ဒေါ်လာ ၇၃ ဒေါ်လာခန့်) ရရှိကြပြီး ကိုရီးယား အလုပ်သမားများမှာမူ ဝမ် ၁၂၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ ရရှိကြသည်။
သို့သော် ကိုရီးယား အလုပ်သမားများနှင့် နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်သည့် အလုပ်တာဝန် တူညီမှု ရှိမရှိ သို့မဟုတ် လုပ်ငန်းအတွေ့အကြုံ တူညီမှု ရှိမရှိကိုမူ အဆိုပါ မှတ်တမ်းများတွင် ဖော်ပြထားခြင်းမရှိပေ။
ကိုရီးယား အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (KCTU) ၏ ဆေးဂျုန်း-ချုန်းနမ် (Sejong-Chungnam) ဌာနခွဲမှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အရာရှိ Ha Dong-hyun က အဆိုပါ လုပ်ငန်းခွင်ရှိ ရွှေ့ပြောင်းအလုပ်သမားများသည် ကိုရီးယား၏ တစ်ပတ်လျှင် နာရီ ၅၂ နာရီ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ချက်ထက် အလွန်အမင်း ပိုမိုအလုပ်လုပ်ကိုင်နေကြရသည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။
“ဒီလို အလုပ်ချိန် အများကြီး အလုပ်လုပ်ရတာဟာ သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပဲဖြစ်ပြီး အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ အမှားအယွင်းတွေ ဖြစ်ဖို့ ပိုများပါတယ်”ဟု Ha က ပြောသည်။
အခြေခံ လုပ်ခလစာ နည်းပါးခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများသည် ဝင်ငွေပိုမိုရရှိရန် အချိန်ပိုပိုမိုဆင်းရန် တွန်းအားဖြစ်စေကြောင်းလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။
လွှတ်တော်အမတ် Yoon က ရွှေ့ပြောင်းအလုပ်သမားများကို ငှားရမ်းထားသည့် အစိုးရကော်မရှင်အဖွဲ့ဝင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်ချိန်၊ လုပ်ခလစာ၊ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းများနှင့် အန္တရာယ်ရှိသော အလုပ်တာဝန် ပေးအပ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။
SK Ecoplant မှ တာဝန်ရှိသူတစ်ဦးက ပင်မကန်ထရိုက်တာအနေဖြင့် ကန်ထရိုက်ခွဲ ကုမ္ပဏီများနှင့် အလုပ်သမားများ၏ အလုပ်ချိန်နှင့် လစာစီစဉ်မှုများကို တိုက်ရိုက်ကြီးကြပ်ရန် အကန့်အသတ်ရှိသော်လည်း လုပ်အားပေး ဥပဒေများကို လိုက်နာရန် ဆက်လက် တိုက်တွန်းသွားမည်ဟု ပြောကြားခဲ့သည်။
SK Ecoplant သည် ပြီးခဲ့သည့်လက ကိုအောင်မင်းဦး၏ မိသားစုအား တောင်းပန်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသည့် လုပ်ငန်းခွင် အန္တရာယ်များကို လျှော့ချရန် လိုအပ်သည့် အစီအမံများကို ဆောင်ရွက်သွားရန် သဘောတူခဲ့သည်။
ပုံစာ။ ဇူလိုင် ၁၆ ရက်က ဆိုးလ်မြို့ရှိ SK Ecoplant ဌာနချုပ်ရှေ့တွင် မြန်မာလုပ်သား သေဆုံးမှုအတွက် တာဝန်ယူမှုရှိစေရန် တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲသို့ ကိုအောင်မင်းဦး၏ ကျန်ရစ်သူ မိသားစုဝင်များ တက်ရောက်ခဲ့စဉ်။ (Photo – Yonhap)
Ref : The Korea Herald
