သက်တံ့
၁၀. ၈. ၂၀၂၆
ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အကြမ်းဖက်လက်နက်ကိုင်များထံ လက်နက်များ တရားမဝင် စီးဆင်းဝင်ရောက်နေမှုကို တားဆီးပေးရန် မြန်မာနိုင်ငံက တောင်းဆိုခဲ့ပြီးနောက် နယ်စပ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုတင်းကြပ်ရန် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က အမိန့်ပေးလိုက်သည်။
ပြီးခဲ့သည့် ဩဂုတ် ၆ ရက်၊ ၇ ရက်က အနုထင်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးစဥ်လာရောက်ခဲ့သည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ခရီးစဥ်အပြီး ထိုင်းအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အနုထင်က ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ စစ်လက်နက် ပစ္စည်းများနှင့် ကိရိယာများ သယ်ဆောင်ရာတွင် အသုံးပြုနေသည့် လမ်းကြောင်းများကို ပိတ်ပင်ပေးရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်ခြမ်းသို့ ထိုင်းနိုင်ငံမှ ဝင်လာသည့် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်း ကိရိယာ အမြောက်အမြားကို စိစစ်တွေ့ရှိခဲ့ပြီးနောက် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများထံ ထိုသို့သော ထောက်ပံ့ရေး ပစ္စည်းများ မရောက်ရှိစေရန် ပိုမိုခိုင်မာသည့် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ တောင်းဆိုချက်မှာ မှန်ကန်သင့်တော်ကြောင်း ပြောဆိုရင်း ထိုင်းနိုင်ငံဘက်ခြမ်းမှ လက်နက်များ မြန်မာဘက်ခြမ်းမှ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များထံ မရောက်ရှိစေရန်အတွက် တရားဝင် နယ်စပ်ဂိတ်များနှင့် မှောင်ခို နယ်စပ်လမ်းကြောင်းများတွင် ထိန်းချုပ်ရေးလုပ်ငန်းများ တင်းကြပ်ရန် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အဒူးလ် ဘွန်သမ်ဂျာရိုအန်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့ကို ညွှန်ကြားထားကြောင်းလည်း ဝန်ကြီးချုပ် အနုတင် က ပြောကြားခဲ့သည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာ၊ မြစ်ချောင်းများအတွင်း အဆိပ်အတောက် ဖြစ်စေသည့် ညစ်ညမ်းမှုများနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး အပါအဝင် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုရှိနေသည့် နယ်စပ်ဖြတ်ကျော် ပြဿနာများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း ဝန်ကြီးချုပ် အနုတင်က ဆိုသည်။
နှစ်နိုင်ငံဝေမျှသုံးစွဲနေသည့် ရေထုအတွင်း ညစ်ညမ်းမှုနှင့် ပတ်သက်၍ အဆိပ်အတောက် ဖြစ်စေသည့် ကူးစက်မှုများအပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို သမ္မတကြီး ဦးမင်းအောင်လှိုင်က လက်ခံအတည်ပြုခဲ့ပြီး ပထဝီဝင် အနေအထား အခြေအနေများ ကွဲပြားခြားနားသည့်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများ အပေါ်တွင်သာ တစ်ခုတည်း အမှီပြုခြင်း မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးကို အမှန်တကယ် ထိခိုက်စေသည့် ပမာဏအပေါ် အခြေခံ၍ နှစ်နိုင်ငံကြား ညစ်ညမ်းမှု စံနှုန်းများကို သတ်မှတ်ရန်လည်း အဆိုပြုခဲ့ကြောင်း ပြောခဲ့သည်။
Ref: Bangkok Post
