၉.၈.၂၀၂၆
Written by Linn Eain
ရေဘေးကြောင့် ရေကြည်မြို့နယ်တွင် ယာယီရေဘေးရှောင်စခန်း (၁၈) ခု ဖွင့်လှစ်ထားပြီး ငါးသိုင်းချောင်းမြို့တွင် ရေဘေးရှောင်စခန်း (၅)ခု ဩဂုတ် ၉ ရက်တွင် ထပ်မံဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်များမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ရေဘေးသင့် အိမ်ထောင်စုပေါင်း (၈၃၀) စု၊ လူဦးရေပေါင်း (၂၉၆၀) ဦးရှိကာ ရေဘေးကြောင့် ယာယီရေဘေးရှောင်စခန်း (၁၈) ခုဖွင့် လှစ်ထားပြီး ရေဝင်ရောက်သည့်စာသင်ကျောင်း (၆) ကျောင်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။
အဆိုပါ ယာယီရေဘေးခိုလှုံရာစခန်း (၁၈) ခု ဖွင့်လှစ်ထားရှိသည့် နေရာများရှိ ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စုများအား တာဝန်ရှိသူများနှင့် အလှူရှင်များက ရေသန့် (၆) ဘူးပါ(၄၈၁)ကတ်၊ Royal-D (၁၂)ဘူးပါ (၆၀)ကတ်၊ ခေါက်ဆွဲခြောက် (၃၀) ထုပ်ပါ(၄၅)ဖာ၊ မုန့်ကြွပ် (၃၀)ထုပ်ပါ (၁၀)ဖာ၊ ဆန် ၂၄ ပြည်ပါ (၈)အိတ်၊ ထမင်းဘူးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့သူမြို့သားစေတနာရှင်များက နေ့စဉ်အလိုက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဧရာ၀တီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ရှိ ရွှေဘိုရပ်ကွက်နှင့် မြိုသစ်ရပ်ကွက်အတွင်းသို ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းက ရေများထပ်မံဝင်ရောက်လျက်ရှိမှုကြောင့် ရွှေဘိုရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၆၇)စု၊ လူဦးရေ (၆၁၁) ဦးနှင့်၊ မြိုသစ်ရပ်ကွက်ရှိအိမ်ထောင်စု(၁၀၉)စု၊ လူဦးရေ(၃၅၆)ဦး စုစုပေါင်းအိမ်ထောင်စု (၂၇၆)စု၊ လူဦးရေ(၉၆၇)ဦးအား ယာယီရေရှောင်စခန်း(၅)ခုသို ထပ်မံရွှေပြောင်းထားကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ရှိ ငဝန်မြစ်ရေ၏ လက်ရှိရေအမှတ်မှာ ဩဂုတ် ၉ နံနက်ပိုင်းတွင် စိုးရိမ်ရေ အမှတ်အောက် ၂ ပေသို့ ပြန်လည်ကျဆင်းနေပြီး ထပ်မံရောက်ရှိလာသောရေများသည် လေးမျက် နှာမြို့နယ်၊ ငဝန်ရေကာတာတမံနိမ့်ကျမှုဖြစ်ပွားခဲ့သည့်နေရာမှ စီးဝင်လာသည့် ရေများဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ အနီးတွင် ဇူလိုင် ၃၁ ရက်က အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေကျော်ဝင်ရောက်မှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
